ပြည်သူတွေအတွက် ဖြုတ်တာမဟုတ်

  • 31 ဇူလိုင် 2011

မကြာခင်က ထွက်ပေါ်ခဲ့တဲ့ မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ဖြုတ်ထုတ် ခံရတာဟာ ပြည်သူအတွက်၊ တိုင်းပြည်အကျိုး လုပ်တာမျိုး မဟုတ်ဘဲ အချင်းချင်း အကျိုး စီးပွား၊ လုကြ ပြိုင်ကြရတာက ဖြစ်ကုန်တာလို့ စစ်ရေးအကဲခတ် တဦးက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာလည်း ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပါတယ်။

စစ်တပ်တွင်း စစ်တိုင်းမှူးတွေနဲ့ စစ်တိုင်းမှူးထက် ကြီးတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးတွေကြား အကျိုးစီးပွား ပြိုင်ရာကနေ အပေးအယူ မမျှ ဖြစ်ကုန်ပြီး စစ်ဗိုလ်ချုပ် တချို့ တာဝန်ကနေ အနားပေး ခံရတာလို့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

မကြာခင်ရက်ပိုင်းကပဲ ရန်ကုန်စစ်တိုင်းမှူး ဖြစ်တဲ့ ဗိုလ်မှူးချုပ် ထွန်းသန်းနဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ အပါအဝင် စစ်ဗိုလ်ချုပ်ကြီး တချို့ ဖြုတ်ထုတ် ခံခဲ့ရတယ်လို့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို အခုရက်ပိုင်းမှာ ထွက်လာခဲ့ပါတယ်။

လက်ရှိ အစိုးရ၊ အစိုးရရဲ့ ပါတီ ကြံ့ခိုင်ရေးနဲ့ စစ်တပ်တို့မှာ တာဝန် ထမ်းဆောင်သူတွေဟာ အရင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကွက်ချ တာဝန်ပေးထားသူ တွေဖြစ်ပြီး သူတို့ချင်းကြားမှာလည်း ဆုံးဖြတ်ချက်မတူညီကြဘူးလို့ သူက သုံးသပ်ပါတယ်။

Image caption နိုင်ငံရေး ကျားကွက်ရွှေ့သူလို့ သတ်မှတ်ခံရသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဦးရွှေမန်းကို လွှတ်တော်မှာ တာဝန်ပေးတယ်၊ ဦးတင်အောင်မြင့်ဦးကို အစိုးရအဖွဲ့တွင်း ထည့်တယ်၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ် တာဝန် ပေးတယ်၊ ဦးကျော်ဆန်း၊ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့ကို ကြံ့ခိုင်ရေး ပါတီကို ဦးဆောင် စေတာတွေဟာ ဦးသန်းရွှေရဲ့ ကျားကွက်ရွှေ့ ထားတာတွေ ဖြစ်ပြီး မနိုင်တဲ့ အခါဆိုရင်တော့ ပွဲကြီးပွဲကောင်း ဖြစ်မယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

KIA ကချင်လွတ်လပ်ရေးတပ်ကို နှိမ်နင်းဖို့နဲ့ ဒီအတိုင်း ထားဖို့ ကိစ္စမှာလည်း အစိုးရနဲ့ တပ်နဲ့ သဘောကွဲနေပြီး၊ အခုစစ်တပ်ဟာ မြန်မာစစ်တပ် သမိုင်းမှာ အစုတ်ချာဆုံး စစ်တပ် ဖြစ်နေတယ်လို့ တရုတ်-မြန်မာ နယ်စပ်က စစ်ရေး ကျွမ်းကျင်သူက သုံးသပ်ပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မှာလည်း အရန်တပ်တွေ ထားရတယ်၊ ရှေ့တန်းပို့ဖို့ တပ်က မရှိတော့ဘူး၊ တရုတ်ကြောင့် မတိုက်တာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ မဟုတ်တဲ့ ထူးခြားချက်ကလည်း ဗိုလ်ချုပ်ကြီးတွေက အာဏာရှိစဉ်မှာ လူထုနဲ့ ငယ်သားကို အနိုင်ကျင့်သလောက် အငြိမ်းစားပေးလို့ အရေးယူ ခံရတဲ့အခါ ရှိတာလေး ပိုက်လို့ ကြီးပွားရေး ပြန်လုပ်ကြတယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း မွေးတဲ့ စစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အလားတူ ဆက်မွေးထားခဲ့ပြီး မြန်မာ စစ်တပ်ဟာ တကယ်တမ်း ပြောရရင်တော့ မျိုးချစ် စိတ် လုံးဝ မရှိတဲ့ စစ်တပ်လို့ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောပါတယ်။