သင်္ဘောခတိုးလို့ ရခိုင်သားတို့ အကျပ်ဆိုက်

  • 31 ဇူလိုင် 2011

အစိုးရရဲ့ ပုဂ္ဂလိကကို လက်လွှဲပြောင်း ပေးနေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ရခိုင်ပြည်နယ်မှာ အရင် အစိုးရက စီမံခန့်ခွဲခဲ့တဲ့ သင်္ဘောတွေကို ပုဂ္ဂလိက ကိုင်တွယ် စေတဲ့ အခါမှာ သင်္ဘော လက်မှတ်ခတွေ စျေးကြီးကုန်လို့ ရခိုင်သားတို့ ဒုက္ခရောက် နေတယ်လို့ သိရပါတယ်။

Image caption ရေကြောင်းကိုသာ အဓိကထား သွားလာနေ ရတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေဆိပ်ကမ်း

သင်္ဘောလက်မှတ်ခကို ခြောက်ဆ တိုးမြှင့်လိုက်တယ်၊ အရင်က စစ်တွေ- ဘူးသီးတောင် သင်္ဘောခက သီဟရာဇာဟာ ၅၀၀ ကျပ်သာ ရှိခဲ့ပေမယ့် ဇူလိုင်လ ၁၃ ရက်က စပြီး ၃၀၀၀ ကျပ်ကို တိုးမြှင့်လိုက်တဲ့ အတွက် ပြည်သူတွေ သွားလာရေး အတော် ဒုက္ခရောက် သွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

တခါ စစ်တွေ-တောင်ကုတ် ပြေးနေတဲ့ ဦးကျောက်တောင် သင်္ဘောခကလည်း အရင်က ၃၀၀၀ ကျပ် ယူနေရာကနေ အခု ၈၀၀၀ ကျပ်ကို တိုးယူ လာတယ်လို့ သိရပါတယ်။

စစ်တွေ-မြောက်ဦး သင်္ဘောခကတော့ အရင် ၃၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်ကို တိုးမြှင့် သွားပါတယ်။ ခရီးသွား သင်္ဘောခတွေ တိုးမြှင့်သွားသလို ကုန်စည် ပို့ဆောင်ခ တွေလည်း တိုးလာတာမို့ ကုန်စျေးနှုန်းလည်း လိုက်တက်လာတယ်လို့ ဒေသခံက ပြောပါတယ်။

စျေးသည်တွေနဲ့ ဆန်ကုန်သည်တွေက တွက်ခြေမကိုက်လို့ သင်္ဘောမစီးတဲ့အခါ အခုတော့ သင်္ဘောတွေက လူသိပ်မပါဘဲ ထွက်နေကြတယ်လို့လည်း သိရပါတယ်။

ဒေသခံတွေကတော့ ဒီကိစ္စကို သက်ဆိုင်ရာက ဖြေရှင်းပေးစေချင်ကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို သင်္ဘောခ လျှော့ချပေးဖို့ စာရေးသား တောင်းဆို ထားတယ်လို့ ဆိုပါတယ်။