KIOနဲ့ အစိုးရ ကိုယ်စားလှယ်တို့ မနက်ဖြန်မှာ တွေ့ဖို့ရှိ

  • 31 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် KIO
Image caption KIOနဲ့ အစိုးရ ကိုယ်စားလှယ်တွေ အကြား ဇွန်လ ၃၀ရက်က နောက်ဆုံးတွေ့ဆုံခဲ့

တဘက်မှာ အပစ်အခတ် ရပ်စဲရေးအတွက် အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်နေပေမဲ့ တဘက်မှာလည်း ရင်ဆိုင် တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ KIO ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ တနင်္လာ နေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံဖို့ အစိုးရ ကိုယ်စားလှယ်တွေဘက် က ကမ်းလှမ်းလာတာလို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

အခုတွေ့မယ့်သူတွေထဲမှာ နယ်ခြား ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး တာဝန်ခံ အစိုးရအဖွဲ့ဝင် ဗိုလ်မှူး ကြီး သန်းအောင်နဲ့ အဖွဲ့ဝင် ၃ဦး ပါမယ်လို့ ပြောပါတယ်။

ဘာအကြောင်းတွေ ဆွေးနွေးမယ်ဆိုတာ ကြိုတင် မပြောထားတဲ့အတွက် ဆွေးနွေးပွဲ အဆင့် ရောက်မလား၊ တွေ့ဆုံမှု သက်သက် ဖြစ်မလားဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။

KIO လိုချင်တဲ့ အချက်နဲ့ အစိုးရ လိုလားချက်က အတော်လေး ကွာဟနေတာကြောင့် ငြိမ်းချမ်းရေး သဘောတူချက်ထဲမှာ ထည့်ချင်တဲ့ အကြောင်းတွေကို အခုလို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးတယ် ဆိုတာ နှစ်ဦးနှစ်ဘက် အကျိုးရှိပြီး ကောင်းတဲ့ အလားအလာ ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ နှစ်ဘက်အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ မရှိပေမဲ့ အစိုးရ တပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့တွေ ထိပ်တိုက် တွေ့တဲ့ အခါမျိုးမှာတော့ ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်နေဆဲပဲ လို့ သိရပါတယ်။