ကေအိုင်အိုနဲ့ အစိုးရ နောက်တကြိမ် တွေ့ဆုံ

  • 1 ဩဂုတ် 2011
Kachin ဓာတ်ပုံ မူပိုင် KIO
Image caption ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်း ခုပထမဆုံး ပြန်တွေ့ဆုံ နိုင်ခဲ့တာပါ

၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲ ခဲ့ပြီး တဲ့ နောက် ဇွန်လဆန်း က စပြီး ပြန်တိုက် နေကြတဲ့ ကေအိုင်အို ကချင်အဖွဲ့ နဲ့ မြန်မာ အစိုးရတို့ ကြား အပစ်ရပ် ရေးနဲ့ ပတ်သက် ပြီး တနင်္လာနေ့က ဒုတိယ အကြိမ် တွေ့ဆုံ ခဲ့ကြ ပါတယ်။

ဇွန်လ ၃၀ ရက်နေ့ တုန်းက နှစ်ဖက် ကိုယ်စား လှယ် တွေ လဂျားယံ မှာတွေ့ဆုံ ခဲ့ကြ ပြီးတဲ့ နောက်၊ စာနဲ့ဘဲ နှစ်ဖက် အပြန်အလှန် ဆက်သွယ် နေခဲ့ ကြရာ ကနေ အခုမှ မျက်နှာချင်းဆိုင် ပြန်တွေ့ နိုင်ခဲ့ တာပါ။

ဒါပေမယ့် ဒီတွေ့ဆုံပွဲ မှာ နှစ်ဖက် ရေးသားခဲ့ကြတဲ့ စာတွေ ထဲက မရှင်းလင်းတဲ့ အချက် တွေကို အပြန်အလှန် မေးမြန်း ခဲ့ကြယုံသာ ရှိတာမို့ ဒါကို ဆွေးနွေးပွဲ လို့တောင် ခေါ်ရဖို့ ခက်နေပါတယ် ဆိုပြီး ကေအိုင်အို ဖက်က ပြောခွင့်ရသူ ဦးလနန် ကဆိုပါတယ်။

"မြန်မာနိုင်ငံတွင်းမှာ ပစ်ခတ် တိုက်ခိုက်မှုအားလုံးကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု အစီအစဉ် ကို နိုင်ငံတော် အစိုးရမှ ၁၅ ရက်အတွင်း ကြေညာချက် ထုတ်ပြန်ပေးရန်" ဆိုပြီး ကေအိုင်အိုဘက်က အစိုးရဆီ ရေးတဲ့ စာထဲမှာ ပါရှိကြောင်း ဦးလနန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KIO
Image caption ကချင် ပြည်နယ်တွင်း တိုက်ပွဲ တွေကြောင့် ဒေသခံ တွေ ထွက်ပြေး နေရပါတယ်

ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူး ချုပ် ဂွမ်မော် က ဦးဆောင်ပြီး၊ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကိုတော့ ဗိုလ်မှူးကြီး သန်းအောင် က ခေါင်းဆောင် လာရောက်ခဲ့ ပါတယ်။

မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ အတူ ပါလာတဲ့ ကချင် အတိုင်ပင်ခံ ကောင်စီဥက္ကဌ ဦးဆင်ဝါးနော် က၊ ဒီကနေ့ တွေ့ဆုံ ပွဲက ညှိနှိုင်းချက် တွေကို "အထက်" ကို ပြန်လည် တင်ပြပြီး ညွှန်ကြားချက် ရယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့မှာ နှစ်ဖက် နောက်တကြိမ် ပြန်တွေ့ကြ ဦးမယ်လို့ သူက ဆိုပေမယ့် ကေအိုင်အို ကတော့ အစိုးရဘက်က အဆင်သင့် ဖြစ်လို့ အကြောင်းကြားလာ တဲ့အခါ နောက် တကြိမ် တွေ့ဆုံ ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်တမ်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရနိုင်မလားဆိုတာကို အခုချိန်မှာ ပြောဖို့ စောသေးကြောင်း နှစ်ဖက် စလုံးက ဆိုပါတယ်။