စုံစမ်းရေးအဖွဲ့အတွက် ဗြိတိန် ဆောင်ရွက်ဖို့ TUC တောင်းဆို

  • 3 ဩဂုတ် 2011
Image caption TUC အတွင်းရေးမှူးချုပ် Brendan Barber

မြန်မာ အစိုးရအနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ၊ လူသား အချင်းချင်း အပေါ် ရက်ရက်စက်စက် ပြုမူ တာတွေ ရှိမရှိ စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အဖွဲ့ တစ်ခု ပေါ်ပေါက်ရေးမှာ ဗြိတိန် အစိုးရက ရှေ့တန်းကနေ ပါဝင် ဆောင်ရွက်ဖို့ ဗြိတိန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် TUC က တောင်းဆိုလိုက် ပါတယ်။

TUCမှာ အလုပ်သမား အဖွဲ့ပေါင်း ခြောက်ဆယ် နီးပါး ပါဝင်ပြီး အလွှာ အသီးသီးက အလုပ်သမား ခြောက်သန်းကျော်နဲ့ ဖွဲ့စည်းထားတာပါ။

မြန်မာ အစိုးရက ပြည်သူတွေ အပေါ် လူ့အခွင့် အရေး ချိုးဖောက်မှု အမျိုးမျိုး ရှိနေခဲ့တဲ့ အတွက် အဲဒီကိစ္စတွေကို စုံစမ်း စစ်ဆေးနိုင်မယ့် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့ ပေါ်ပေါက်ရေးမှာ ဗြိတိန် အစိုးရက ဦးစီး ဦးဆောင် ပြုလုပ်ဖို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague ကို TUC အတွင်းရေးမှူးချုပ် Brendan Barber က စာရေးသား တောင်းဆို လိုက်တာပါ။

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ မြန်မာနိုင်ငံ အတွင်း စစ်ရာဇဝတ်မှု (war crime) နဲ့ လူသားတွေအပေါ် လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ် မှုတွေ (Crime against Humanity) ကျူးလွန်တယ်လို့ ခေါ်ဆိုနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၅ မျိုးထက် မနည်း ရှိခဲ့ကြောင်း ဖော်ပြ ထားတာကိုလည်း အဲဒီစာထဲမှာ ကိုးကား ရေးထားပါတယ်။

ဗြိတိန် အစိုးရအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ ပေါ်ပေါက်ရေးကို ထောက်ခံတယ် ဆိုတဲ့ မှတ်တမ်းတွေ ရှိခဲ့ပေမဲ့ ဒါကို သိပ်မလိုလားတဲ့ ကမ္ဘာ့ နိုင်ငံတွေ လက်ခံလာအောင် လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးမှာ မရှိခဲ့ကြောင်း၊ ဒါပေမဲ့ အခုတော့ EU ဥရောပ သမဂ္ဂက မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းကို လောလောဆယ် ရေးဆွဲနေတာမို့ အဲဒီထဲမှာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စ ထည့်သွင်းနိုင်တဲ့ အခွင့် အရေးရှိနေတဲ့ အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဆီက ထောက်ခံမှု ရအောင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် ပါဝင် ဆောင်ရွက်ဖို့ စာရေး တိုက်တွန်းခဲ့တာ ဖြစ်ကြောင်း TUC ရဲ့ နိုင်ငံတကာ မူဝါဒ ဆိုင်ရာ အရာရှိ Ben Moxham က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်ခဲ့ပေမဲ့ လွတ်လပ်မျှတမှု မရှိခဲ့သလို တိုင်းရင်းသားတွေ အပေါ်မှာလည်း တိုက်ခိုက်မှုတွေ တိုးလုပ်လာ နေကြောင်း၊ ဥပဒေပြင်ပက သတ်ဖြတ်မှု တွေ၊ အမျိုးသမီးတွေ အပေါ် မတရား ပြုကျင့်တာတွေ၊ ညှင်းပမ်း နှိပ်စက်မှုတွေ ရှိနေသေး တာကို ထောက်ပြပြီး မြန်မာ အစိုးရကို ဖိအားပေးဖို့ တွန့်ဆုတ်နေကြတဲ့ ဂျာမနီ၊ အီတလီလို နိုင်ငံမျိုး တွေဆီက ထောက်ခံမှု ရအောင် စည်းရုံး သင့်ကြောင်း Ben Moxham က ပြောပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ် အတွင်းမှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး ကုသလမဂ္ဂက ဆုံးဖြတ်ချက်တွေ အမျိုးမျိုး ချမှတ်ခဲ့ပြီး နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာဖို့ တိုက်တွန်းခဲ့ တာတွေ ရှိခဲ့ပေမဲ့ မြန်မာ အစိုးရဘက်က လိုက်နာ ဆောင်ရွက်ခြင်း မရှိခဲ့သလို နိုင်ငံရေး အရ တိုးတက် ပြောင်းလဲမှုတွေလည်း မရှိခဲ့ဘူး လို့ လည်း Ben Moxham က ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက် ပြောင်းလဲမှု ရှိဖို့ မြန်မာ အစိုးရကို ဖိအားပေး တာက နည်းလမ်း တရပ် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အား ခိုင်းစေမှုနဲ့ ပတ်သက်ပြီး ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် က စုံစမ်းရေး အဖွဲ့ ထူထောင်နိုင်တဲ့ ကိစ္စက ဥပမာကောင်း တစ်ခု ဖြစ်ပြီး နိုင်ငံတကာ အသိုင်း အဝိုင်းရဲ့ အာရုံစူးစိုက်မှု ရခဲ့လို့ စုံစမ်းရေး အဖွဲ့ဖွဲ့ရေး ကို လက်ခံအောင် မြန်မာ အစိုးရကို ဖိအား ပေးနိုင်ခဲ့ကြောင်း၊ နှစ်ဘက် နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးနိုင်ခဲ့လို့ အဓမ္မ အလုပ်ခိုင်း ခံရသူတွေက ILO ကို တိုင်တန်း နိုင်သလို ILO ကလည်း စုံစမ်းမှုတွေ လုပ်နိုင်ခဲ့ကြောင်း Ben Moxham က ပြောပါတယ်။

ILO နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ကြားက အဓမ္မ လုပ်အား ခိုင်းစေမှုတွေ ဆက်ရှိနေသေး ပေမဲ့ အခိုင်းခံရသူက တိုင်ကြားနိုင်တဲ့ အဆင့်ကိုတော့ ရောက်လာပြီမို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ပေါ်ပေါက်လာပြီ ဆိုရင် လူ့ အခွင့် အရေး ချိုးဖောက်မှု တွေကို တိုင်ကြားနိုင်မယ့် နေရာ တစ်ခုတော့ ပေါ်ပေါက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း TUC ရဲ့ နိုင်ငံတကာ မူဝါဒ ဆိုင်ရာ အရာရှိ Ben Moxham က ဘီဘီစီကို ပြောပါတယ်။