အမေရိကန် ချေးငွေ ပမာဏ မြှင့်ရေး အိုဘားမား အတည်ပြု

  • 3 ဩဂုတ် 2011
Image caption စီးပွားရေး တိုးတက်ရေးကို အာရုံစိုက်ဖို့ နိုင်ငံရေး သမားတွေကို အိုဘားမား တိုက်တွန်း

အမေရိကန်နိုင်ငံမှာ ချေးငွေ ပြန်မဆပ်နိုင်မဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ရေး အတွက် အစိုးရရဲ့ အများဆုံး ငွေချေးနိုင်မှု ပမာဏ မြှင့်တင်ရေး သဘောတူချက် မူကြမ်းတခု ကို သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံရေး လွန်ဆွဲမှုတွေ သီတင်း တပတ်ကြာ ဖြစ်ပွားခဲ့အပြီးမှာ အခုလို သဘောတူချက် ရသွားခဲ့တာဖြစ်ပြီး ဒီမူကြမ်းဟာ အမေရိကန် နိုင်ငံအနေနဲ့ ရှိတာနဲ့ လောက်အောင် နေနိုင်ရေး အတွက် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အချိန်အတော်ကြာ အငြင်းပွားစရာ ဖြစ်ခဲ့ပေမဲ့ နိုင်ငံရဲ့ အနာဂါတ် စီးပွားရေး အန္တရာယ် ကြုံလာချိန်မှာ နိုင်ငံရေး သမားတွေအနေနဲ့ သဘောကွဲလွဲမှုတွေကို ဘေးဖယ်ထားနိုင်တယ် ဆိုတာကို ဒီ မဲခွဲ ဆုံးဖြတ်ချက်က ပြသနေတယ်လို့ ဆီးနိတ် လွှတ်တော်မှာ ဒီ မူကြမ်းကို အတည်ပြုပြီးပြီးချင်းမှာပဲ သမ္မတ အိုဘားမားက ပြောကြား သွားပါတယ်။

အခုအခါ နိုင်ငံ့စီးပွားရေး တိုးတက်ရေးကို အာရုံစိုက် ဆောင်ရွက်ကြဖို့ကိုလည်း နိုင်ငံရေး သမားတွေကို သမ္မတ အိုဘားမားက တိုက်တွန်းသွားပါတယ်။

ဇွန်လတုန်းက ဝယ်ယူစားသုံးသူတွေရဲ့ သုံးစွဲမှုငွေ ပမာဏ လျော့ကျသွားတဲ့အတွက် စတော့ခ် ရှယ်ယာ စျေးကွက်မှာ ရှယ်ယာစျေးတွေ ၇ရက်ကြာ ကျဆင်းသွား ခဲ့ ပါတယ်။

Dow Jones ညွှန်းကိန်းကလည်း အင်္ဂါနေ့တုန်းက ၂၆၅မှတ် ကျော် ကျဆင်းသွားခဲ့ပါတယ်။