စစ်တွေ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ

  • 3 ဩဂုတ် 2011
Image caption စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ကိုယ်တိုင် ဒီကိစ္စ ဖြေရှင်းပေးမယ် ကတိပေးခဲ့ပါတယ်

စစ်တွေတက္ကသိုလ်က ကျောင်းသားတွေဟာ ကျောင်းသွားကျောင်းပြန် ဆိုင်ကယ် တက္ကစီခ တိုးတောင်းတာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဒီကနေ့ နေ့လည်က တက္ကသိုလ် ကနေ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးထိ ခြေလျင် ချီတက်ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ ပါတယ်။

သြဂုတ်လ ၁ရက်နေ့က စစ်တွေတက္ကသိုလ်က ကျောင်းသားတွေဟာ မြို့ထဲကနေ ကျောင်းကို သွားရတဲ့ သုံးဘီးဆိုင်ကယ်တက္ကစီခကို ၂၀ဝ အထိ တိုးကောက်လိုက်လို့ အရင်က ဈေးအတိုင်း ၁၀ဝဘဲ ပြန်ချပေးဖို့ တောင်းဆိုခဲ့ကြ ပါတယ်။

အဲဒီတုန်းက အာဏာပိုင်တွေဘက်က လိုက်လျောပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ဒီကနေ့ ကျောင်းသွားတော့လည်း တက္ကစီခ ၂၀ဝ ဘဲ ပေးနေရတာကြောင့် ကျောင်းသား ၂၅၀ ကျော်ဟာ စစ်တွေတက္ကသိုလ်ကနေ ပြည်နယ်အုပ်ချုပ်ရေးမှုးရုံးထိ ၄ မိုင်လောက် ဝေးတဲ့ ခရီးကို ခြေလျင်ပြန်ခဲ့ပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်တိုင် ဒီကိစ္စဖြေရှင်းပေးမယ် ကတိပေးလို့ ကျောင်းသား အားလုံး လူစုခွဲခဲ့ပေမယ့် နောက်နေ့မှာ အမှန်တကယ် ဈေး ချမပေးဘူးဆိုရင် ဒီလိုပဲ လမ်းလျှောက်ပြီး ကျောင်းဆင်းကျောင်းတက် လုပ်ကြမယ်လို့ပြောပါတယ်။

ကျောင်းသားတွေ စီတန်းလမ်းလျှောက်တာကို မြို့ခံတွေက ဝိုင်းဝန်းကြည့်ရှု ကြပေမယ့် ပူးပေါင်းပါဝင်တာတော့ မရှိဘူးလို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို အာဏာပိုင်တွေ ဘက်က စောင့်ကြည့်တာကလွဲလို့ ဖမ်းဆီးတာ စစ်ဆေးမေးမြန်းတာတွေတော့ ခုချိန်ထိ မရှိသေးဘူး လို့ သိရပါတယ်။