မြန်မာ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်ရေး စုံစမ်းမည်

  • 4 ဩဂုတ် 2011
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာ လဂဝါ
Image caption အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာ လဂဝါ

လာမယ့် ၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ် အဆိုပြုတာကို စုံစမ်း လေ့လာဖို့ လက်ရှိ ဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး Marty Netalegawa ခေါင်းဆောင်တဲ့ အဖွဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘာလီ မှာလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း အခုအခါ မြန်မာနိုင်ငံ က တရားဝင် ဖိတ်ကြားတာ ဖြစ်ပါတယ်။

ဘယ်နေ့သွားမယ် ဘာတွေအဓိက ပြောဆို ဆွေးနွေးမယ်ဆိုတာ အသေးစိတ် ညှိနှိုင်းနေတုံး ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Michael Tene က ဘီဘီစီ ကို ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဥက္ကဌတာဝန်မပေးသင့်ဘူးဆိုတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ Mr Tene က လောလော ဆယ် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးတာ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးတာတွေကို အပြုသဘောလို့ ပြောနိုင်ကြောင်း ဒါပေမဲ့ ဒီထက် တိုးတက်မှုတွေ လုပ်ပြစရာ လိုတယ်လို့ ပြောပါတယ်။

တချိန်ထဲမှာဘဲ အာဆီယံဘက်ကတော့ အားလုံး ပါဝင်နိုင်မယ့် နိုင်ငံရေး ပြန်လည် သင့်မြတ် မှုကို ဆက်တိုက်တွန်း ဆောင်ရွက် သွားမယ်လို့ Mr Tene က ဘီဘီစီ ကို ပြောသွား ပါတယ်။