ဒီကေဘီအေ ခွဲထွက်အဖွဲ့ကို ချေမှုန်းမည်

  • 5 ဩဂုတ် 2011
ဒီကေဘီအေတပ်ဖွဲဝင်များ ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေတပ်ဖွဲဝင်များ

ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီ ဘုရားသုံးဆူ မြို့နယ်တွေ နဲ့ မြိုင်ကြီးငူ ဒေသ က ဒီကေဘီအေ ခွဲထွက် အဖွဲ့တွေကို မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် တွေ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေ ကြတယ်လို့ နယ်စပ်ကလာတဲ့ သတင်းတွေ အရ သိရပါတယ်။

ဒေသ၄ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ် လှဌေးဝင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းတို့ နဲ့ ကရင် နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးချစ်သူ ဦးဆောင်တဲ့ ဗိုလ်ကတုံးတို့အဖွဲ့နဲ့ ကော့က ရိတ် အခြေစိုက် စစ်ဗျူဟာ ကွပ်ကဲရေး ဌာနချုပ် (စကခ ၁၂) ရိပ်သာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေက တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။ ဆွေးနွေးရာမှာ၊ ဒီကေဘီအေ တွေကို စစ်ဆင် တိုက်ခိုက်ဖို့၊ ကရင်နယ်ခြားစောင့်တပ်တွေက မြန်မာ အစိုးရတပ်တွေနဲ့ အပြည့်အဝပူးပေါင်း သွားမယ်လို့ ကရင်နယ်ခြားစောင့် တပ်ဖွဲ့တွေကို ဦးဆောင်တဲ့ ဗိုလ်မှူးကြီး ချစ်သူက မြန်မာ စစ်ဗိုလ်ချုပ်တွေကို ကတိပေးခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူ တယောက်ကပြော ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေ ဖက်ကို မေးမြန်းဖို့ ကြိုးစား ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ မြန်မာအစိုးရတပ်နဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်မယ့်၊ ကရင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ၂ ထောင် လောက်ရှိတယ်လိ ု့သိရပါတယ်။

ဒီအဖွဲ့တွေဟာ မြဝတီနဲ့ကော့ကရိတ် ကြားအဝေးပြေး ကားလမ်းပေါ်ကိုမကြာခဏသွားပြီး လှုပ်ရှားကြသလို မြိုင်ကြီးငူ၊ ဘုရားသုံးဆူနဲ့ မြဝတီမြို့တွေရဲ့လုံခြုံရေးကိုလည်းခြိမ်းခြောက် နေတာကြောင့်၊ မြန်မာအစိုးရက အခုလိုမိုးတွင်းမှာ စစ်ဆင်ရေး လုပ်ဖို့ ဖြစ်နိုင် တယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။