ဒေါ်စုရဲ့ ငြိမ်းချမ်းရေး သဘောထား တိုင်းရင်းသား ၁၂ ဖွဲ့ထောက်ခံ

  • 5 ဩဂုတ် 2011
KIA ဓာတ်ပုံ မူပိုင် bbc
Image caption အစိုးရနဲ့ စစ်မက် ဖြစ်ပွားနေသူ ကေအိုင်အေ စစ်သားများ စစ်ရေး လေ့ကျင့်နေစဉ်

တိုင်းရင်းသား ၁၂ ဖွဲ့ပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ကြေငြာလိုက် ပါတယ်။

တိုင်းရင်းသား အဖွဲ့ အစည်းတွေ အနေနဲ့ တဖွဲ့ချင်း အနေနဲ့ မပြန်ကြားဘဲ ညွန့်ပေါင်း အဖွဲ့ချုပ် အနေနဲ့ ပြန်ကြားတာဟာ တနိုင်ငံလုံး ငြိမ်းချမ်းရေး အတွက်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ပါဝင်ဆောင်ရွက်ရင် အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကြား သဘောတူညီချက် မရဘဲ မပြေလည်နိုင်ဖြစ်နေတဲ့ အကြောင်း အရာတွေမှာ တိုးတက်မှု ရှိလာနိုင်တယ်လို့ ယုံကြည်တဲ့ အတွက် ထောက်ခံတာဖြစ်တယ်လို့လည်း ချင်းအမျိုးသား တပ်ဦးရဲ့ အတွင်း ရေးမှူး ဦးပေါစီထန် ကပြောပါတယ်။

ဦးပေါစီထန်ဟာ UNFC ရဲ့ ပြန်ကြားရေး တာဝန်ခံ လည်းဖြစ်ပါတယ်။

UNFC ဟာ တန်းတူ အခွင့်အရေး ရရှိရေး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် သဘောထား တူညီတဲ့ တိုင်းရင်းသား အဖွဲ့ အစည်းတွေစုပေါင်း ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသား တွေဟာ နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်အောင် တိုက်ပွဲဝင်ရာမှာလည်း အတူတိုက်ခဲ့သူတွေ ဖြစ်သလို ဘိုးစဉ်ဘောင်ဆက် ဒီမြေ ဒီရေပေါ်မှာ နေထိုင်လာသူတွေ ဖြစ်ကြတဲ့ အတွက် တန်းတူ အခွင့်အရေး ရထိုက်တယ်လို့ လည်း ဆိုပါတယ်။