ထောင်ထဲမှာ ရေးစပ်တဲ့ ၈လေးလုံး သီချင်း ဖြန့်ချိဖို့ရှိ

  • 6 ဩဂုတ် 2011

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရေး တောင်းဆိုတဲ့ ၈၈ အရေးအခင်းကြီး ဖြစ်ပွားခဲ့ တာ လာမဲ့ တနင်္လာနေ့ကျရင် ၂၃နှစ် ပြည့်တော့မှာပါ။

၈လေးလုံး နှစ်ပတ်လည် အဖြစ် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အခမ်းအနားတွေ ဒီကနေ့ တင်ကြို ကျင်းပခဲ့ကြပါတယ်။

Image caption ကျိုင်းတုံ အကျဉ်းထောင်မှာ မင်းကိုနိုင် ထောင်ဒဏ် နှစ်ရှည် ကျခံနေရ

ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅နှစ်ခွဲ ကျခံ နေရတဲ့ ၈၈ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် သီချင်း တပုဒ် ဂုဏ်ပြု စပ်ဆို ထားပြီး ၈လေးလုံး နှစ်ပတ်လည်နေ့ ဖြစ်တဲ့ သြဂုတ်လ ၈ရက်နေ့မှာ ဖြန့်ဝေဖို့ စီစဉ်ထားပါတယ်။

" ပြန်လာပြီ ပန်ထွာ ဧကရီ " လို့ အမည်ရတဲ့ အဲဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကနေ လွတ်မြောက်လာတဲ့ နေ့ကစပြီး ကိုမင်းကိုနိုင်က ဂုဏ်ပြု ရေးစပ်ခဲ့ တာလို့ သိရပါတယ်။

ဒီသီချင်း စာသားကို ကျိုင်းတုံထောင်ကနေ ရက်စေ့လို့ လွတ်လာတဲ့ တာမွေ NLD ကိုကျော်ကျော်ဆန်း က နှုတ်တိုက်ကျက် ခဲ့ပြီး မြန်မာ ပြည်တွင်းက ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ လူငယ်တွေကနေ အများနားဆင်နိုင်အောင် ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်က သူရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ နှစ်ယောက်စလုံး ထောင်က လွတ်လာခဲ့ ရင် ဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် ဂုဏ်ပြု ဆိုပြဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်တဲ့အတွက် ကိုကျော်ကျော်ဆန်းကို နှုတ်တိုက် ချပေးလိုက်တာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် အကျဉ်းကျနေဆဲ ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ရော၊ သူ့ဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ပါ ဒီသီချင်းကို ကြိုးစား ထုတ်လုပ်ခဲ့တာ ဖြစ်ကြောင်း သီချင်း ဖြစ်မြောက်ရေး အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ဒီသီချင်း စာသားတွေမှာ စာရေးဆရာ နိုင်ဝင်းဆွေ ရေးတဲ့ မဟူရာ မေတ္တာထဲက ဗိဿနိုး ဧကရီ ပန်ထွာ ဘုရင်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းနှိုင်းထားသလို မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဆင်ခြင်သင့်တဲ့ သဘောတရားတွေကို ထည့်သွင်း စပ်ဆိုထားလို့ ပြည်သူ လူထု နှစ်သက်မယ်လို့ မျှော်လင့်ကြောင်း သီချင်း ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးက ပြောပြပါတယ်။