၈⁠၈​၈​၈ နှစ်​ပတ်လည် ဆု​တော​င်း

  • 7 ဩဂုတ် 2011

အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်နေ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ၂၃ နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ မျက်မှောက် နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောဆို လှုပ်ရှားမှုတွေကို စနေ့နေ့က ဆောင်ရွက်ခဲ့ကြပါတယ်။

Image caption တနိုင်ငံလုံးက လှေနေလှေအောင်း မြင်းဇောင်း မကျန် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်။

စစ်အစိုးရလက်ထက် မတရားဖမ်းဆီး ထောင်ချ ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက် မရှိ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ်တွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေတာကို ရပ်သွားအောင် လုပ်ဖို့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်မှာ တာဝန်ရှိတယ်လို့ မြန်မာ့ ဒီမိုကရေစီရေး အင်အားစုများ အော်ရီဂွန် ပြည်နယ်က တာဝန်ခံ ကိုထွန်းထွန်းက ပြောပါတယ်။

တိုင်းပြည်တွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားဖို့ရာမှာလည်း တတိုင်းပြည်လုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး၊ တတိုင်းပြည်လုံး ပါဝင်တဲ့ ဆွေးနွေးရေးတွေကို ကမ္ဘာသိ ကြေညာပြီး လုပ်ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ အော်ရီဂွန်ပြည်နယ် အနေနဲ့ စစ်ကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ၊ လက်ရှိ ပြည်တွင်းမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး သမားတွေအတွက် လက်တွေ့ကျတဲ့ ငွေကြေး အပါအဝင် ကူညီပေးမှုတွေကိုလည်း တတ်အားသလောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

၈၈၈၈ ဆိုတာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားမှုဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ ရဲ့ တိုင်းရေးပြည်ရာ ဆောင်ရွက်ချက်တွေကို ကျောင်းသားနဲ့ ပြည်သူတွေက မကျေနပ်ရာကနေ တနိုင်ငံလုံး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီမှာ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမယ့် စစ်တပ်က ဆန္ဒပြသူတွေကို ပစ် သတ်ပြီး အာဏာသိမ်း ခဲ့ပါတယ်။