စစ်ကိုင်းတိုင်း နဲ့ ပဲခူးတိုင်း မှာ ရေတွေကြီးနေ

  • 9 ဩဂုတ် 2011
bago_flood ဓာတ်ပုံ မူပိုင် AP
Image caption ဇူလိုင်လ အတွင်း ပဲခူး မှာ ရေကြီး စဉ် က

ခုရက်ပိုင်း မိုးများပြီး မြစ်ရေ တွေ တိုးလာ တာကြောင့် စစ်ကိုင်း တိုင်း က ကလေးဝ၊ ကလေးမြို့ တွေနဲ့ ပဲခူးတိုင်း က မဒေါက်၊ ရွှေကျင်မြို့ တွေ မှာ ရေ ကြီးနေ ပါတယ်။

ကလေးမြို့ ပတ်ဝန်းကျင်မှာ မိုးအဆက် မပြတ် ရွာနေလို့ မြို့အဝင် ရပ်ကွက်တွေနဲ့ ကျေးရွာ တချို့ ရေဝင်နေတဲ့ အပြင် ချောင်းကူး တံတား တွေပါ ပျက်စီး နေတာကြောင့် ကုန်ကား တွေ သွားလာလို့ မရတဲ့ အကြောင်း ကလေး ဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။

နိမ့်တဲ့ အိမ်တွေ ရေမြုပ် နေပြီ လို့ လည်း အဲဒီဒေသခံ က ပြောပါတယ်။

ဒီလိုပဲ မိုးဆက်ရွာ နေအုံးမယ် ဆိုရင်တော့ နောက်ရက်တွေမှာ မြို့ပေါ် ရပ်ကွက် တော်တော် များများကို ရေဆက် ဝင်နိုင်တယ် လို့ သိရ ပါတယ်။

အလားတူ မြစ်သာမြစ် နဲ့ ချင်းတွင်းမြစ် တွေ ရေတက် နေလို့ ကလေးဝမြို့ က ရဲစခန်း နဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေက အိမ်တွေ ရေဝင်ပြီး ဘေးလွတ်ရာကို ရွှေ့နေ ရတယ် လို့ ဒေသခံ က ပြော ပါတယ်။

စစ်တောင်း မြစ်ရေ နဲ့ ရွှေကျင် မြစ်ရေတွေ တက်လို့ ရွှေကျင် မြို့အဝင်မှာ ဆိုင်ကယ်တွေ ဖေါင် နဲ့ ဖြတ်နေ ရသလို မဒေါက် မြို့မှာလည်း ရေဘေး လွတ်ရာကို လူတွေ ရွှေ့နေ ရပါ တယ်။

မိုးလေဝသ နဲ့ ဇလဗေဒဌာန ကို ဘီဘီစီ က ဆက်သွယ် မေးကြည့်တော့ စစ်တောင်း မြစ်ရေ ဟာ တောင်ငူနဲ့ မဒေါက်မြို့တွေမှာ နောက် ၂ ရက်လောက် အထိ စိုးရိမ် ရေမှတ် မှာ ရှိနေ နိုင်ပြီး ချင်းတွင်း မြစ်ရေ ဟာ မော်လိုက် နဲ့ ကလေးဝမြို့ တွေ မှာ နောက် ၃ ရက်အထိ စိုးရိမ်ရေမှတ် မှာ ရှိနေ နိုင်တယ် လို့ ပြောပါတယ်။

ပဲခူးမြစ်ရေ ဟာလည်း ပဲခူးမြို့မှာ စိုးရိမ်ရေမှတ် အထက် ဆက်ရှိ နေနိုင်တယ် ဆိုလို့ ဒေသခံ အာဏာပိုင်တွေ က ရွှေမောဓော ဘုရား ပတ်၀န်းကျင်၊ ဘုန်းကြီးကျောင်း တွေ နဲ့ ဘောလုံး ကွင်းတွေ မှာ ရေဘေး ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ဖို့ ပြင်နေတယ် လို့ ပဲခူး ဒေသခံတွေ က ပြောပါတယ်။