ငြိမ်းချမ်းရေး အတွက် အမတ်တွေ တိုက်တွန်း

  • 9 ဩဂုတ် 2011

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဖလုံ စဝေါ်ပါတီ၊ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ တို့ အပါအဝင် တိုင်းရင်းသား ပါတီ အသီးသီးက လွှတ်တော် ကိုယ်စားလှယ် ၂၃ ယောက် စုပေါင်းပြီး ငြိမ်းချမ်း ရေး ထိန်းသိမ်းဖို့ အကြံ ပြုလိုက် ပါတယ်။

Image caption တိုက်ပွဲ တွေကြောင့် ဒုက္ခသည် တွေ ဖြစ်လာ ကြရ

လက်ရှိ တိုင်းရင်းသား ဒေသ တွေမှာ တိုက်ပွဲတွေ ဖြစ်နေ တာကြောင့် ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတဲ့ အိတ်ဖွင့် ပေးစာကိုအဲဒီ လွှတ်တော် အမတ်တွေ စုပေါင်း ရေးသားခဲ့ကြတာပါ။

ငြိမ်းချမ်းရေး လိုလားသူများ အတွက် ဆိုပြီး သြဂုတ်လ ၈ ရက် ရက်စွဲနဲ့ ရေးထားတဲ့ အိတ်ဖွင့် ပေးစာကို အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာတွေ ထဲမှာ ဖော်ပြထား ပါတယ်။

ကချင်ပြည်နယ် အတွင်း ကေအိုင်အေနဲ့ အစိုးရ စစ်တပ် ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေ အနေက နေ အပစ် အခတ် ရပ်စဲရေး ရအောင် လောလောဆယ် ဆွေးနွေး ညှိနှိုင်း နေတာ တွေကို ရည်ညွှန်းပြီး အစိုးရက သဘောထား ကြီးကြီး စေတနာ ကောင်းကောင်းနဲ့ ပြည်သူတွေ ငြိမ်းချမ်းရေး အတွက် ကြိုဆိုလုပ်ဆောင်နေတာ တွေကို ထောက်ခံကြောင်းလည်း တိုင်းရင်းသား ကိုယ်စားလှယ်တွေ ရဲ့ စာထဲမှာ ပါရှိပါတယ်။

လက်တွေ့မှာ ငြိမ်းချမ်းရေး အတွက် တစုံတရာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေမဲ့ လာမယ့် ပါလီမန်မှာ ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှု အဆိုကို တင်ပြ ဆွေးနွေးဖို့ ရှိတာမို့ အဲဒီ အဆိုအောင်မြင်သွားတဲ့ အခါ လုပ်ငန်းတွေ စတင်နိုင်လိမ့်မယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ပြည်သူ့ လွှတ်တော် အမတ် ဦးမန်း မောင်မောင်ဉာဏ်က ဘီဘီစီကို ပြောပါတယ်။