ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် နှစ်ဘက်လုံးမှာ ရေကြီး

  • 10 ဩဂုတ် 2011

မိုးတွေ အဆက် မပြတ် ရွာသွန်းတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် တလျှောက် နှစ်ဘက်စလုံး မှာ ရေကြီးနေပါတယ်။

ဓာတ်ပုံ မူပိုင် focus bangla
Image caption ရေလွှမ်းမိုး ခံရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြင်ကွင်း

ရေကြီးနေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် ဘက်မှာ မြေပြိုကျပြီး သေဆုံးတာတွေ ရှိသလို ကျေးရွာ အတော် များများ ကိုလည်း ရေတွေ ဖုံးလွှမ်း နေတယ်လို့ သိရပါတယ်။

မြန်မာ နယ်စပ် အနီးက ဘင်ဒရိုဘင် ( မြန်မာ အခေါ် ရွာတော်မြို့) မြို့မှာ ဆိုရင် မြေပြိုလို့ အိမ်ပါ နစ်သွားတဲ့ အတွက် ဘင်္ဂါလီ အမျိုးသမီး အသက် ၂၅ အရွယ် မိခင် တစ်ဦးနဲ့ ၆ လအရွယ် သားငယ် တစ်ဦး သေဆုံး သွားခဲ့ပါတယ်။

ကော့ဘဇား ခရိုင် အတွင်းက စော်ကရီယာ၊ ဟာရဘင်းစတဲ့ ကျေးရွာတွေ ဘက်မှာလည်း ရေကြီး နေပါတယ်။

ထောင်သောင်းရွာမှာ နေထိုင်နေတဲ့ မြန်မာ ကျောင်းသား တစ်ယောက် ဖြစ်သူ ကိုခိုင်ဇော်က တော့ ရေကြီးနေတဲ့ အတွက် တရွာနဲ့ တရွာကို လှေတွေနဲ့ သွားလာနေကြပြီး၊ ရာချီတဲ့ ရွာတွေက ရေအောက် ရောက်နေကြ တယ်လို့ ပြောပါတယ်။

အခုအခါ အရေးပေါ် အကူအညီ တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖြန့်ဝေ နေတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် ဘက်မှာတော့ မောင်တောတောင်ပိုင်းက အလယ်သံကျော် ဘက်မှာ တာတွေကျိုးပြီး လယ်ကွင်းတွေ ရေမြုပ် နေတယ်လို့ သိရ ပါတယ်။

ကျောက်တော် မြို့နယ် သရက် တပင်၊ ရွာမပြင်၊ ကျနင်းကန်၊ စဖိုသား စတဲ့ ကျေးရွာတွေလည်း ကုလားတန် မြစ်ရေ ကြီးနေတဲ့ အတွက် ရွာတွေကို ရေနစ်နေပြီး စိုက်ပျိုး ထားတဲ့ စပါး စိုက်ခင်းတွေ ရေဖုံးလွှမ်းနေတယ်လို့ သိရ ပါတယ်။