မြစ်ဆုံရေကာတာ အရေး ပြည်တွင်းမီဒီယာတွေ ဝေဘန်

  • 10 ဩဂုတ် 2011
irrawaddy_myitsone ဓာတ်ပုံ မူပိုင် burmese
Image caption ရေကာတာစီမံကိန်း စ တော့မှာ မို့ မြစ်ဆုံ မှာ စက်တွေနဲ့ မြေဖြိုပြီး ရွှေကျင် နေကြ

မြန်မာ အစိုးရ ရဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဖြစ်လာ နိုင်တဲ့ အကောင်း အဆိုး တွေ ကို လူထု အနေ နဲ့ ရှင်းလင်းစွာ သိရှိ နိုင်ဖို့ အရေးကြီး တယ် လို့ ပြည်တွင်း က သတင်း မီဒီယာ သမား တွေ က ထောက်ပြ လိုက် ပါတယ်။

အစိုးရပိုင် မြန်မာ့အလင်း သတင်းစာထဲမှာ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရဲ့ ကောင်းကျိုးများ နဲ့ ဒီ စီမံကိန်း အပေါ် မဟုတ်မမှန် ဝေဖန် ရေးသား နေကြကြောင်း မီဒီယာ တွေ ကို အပြစ်တင် ထားတဲ့ ဆောင်းပါးတွေ ကို ရက်ဆက် ဖော်ပြ နေချိန် မှာ ပဲ Eleven Media Group က ဒီ စီမံကိန်း နဲ့ ပတ်သက်ပြီး ပညာရှင် တွေ ရဲ့ ထောက်ပြ ချက် တွေ ကို ကိုးကား ကာ ဒီ စီမံကိန်း နဲ့ ပတ်သက်တဲ့ စိုးရိမ်မှု တွေ ကို ဖော်ပြ ရေးသား ခဲ့ပါတယ်။

အခု အခြေအနေ မှာတောင် ဧရာဝတီ မြစ်ကြောင်း တလျှောက် ကောလာ တဲ့ အခြေအနေ တွေ အောက်မှာ ဧရာဝတီ ရဲ့ အစပြုရာ မြစ်ဆုံမှာ ရေကာတာ ကြီး ဆောက် ရင် မြစ်ကြီး တခုလုံး ရဲ့ အခြေအနေ ပြောင်းသွားမှာမို့ ဒီမြစ် အပေါ်မှီခို နေရတဲ့ လူ အမြောက်အများ ရဲ့ ဘဝကို ထိခိုက်မှာ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အကြီး အကျယ် ပြောင်းလဲ သွားမှာ ကို လူအများ က စိုးရိမ် နေကြ ပါတယ်။

ဒီ စီမံကိန်း နဲ့ ပတ်သက်ပြီး တရုတ် ပညာရှင် တွေပါဝင်တဲ့ ဆန်းစစ်တဲ့ အဖွဲ့ တခု မြန်မာ ပြည် ကို လာရောက်ဆန်းစစ် ခဲ့ပြီး၊ သူတို့ နဲ့ Eleven Media Group တို့ တွေ့ဆုံခွင့် ရခဲ့ ပါတယ်။

အဲဒီ ပညာရှင်တွေက ဒီ ရေကာတာ ဆောက်လုပ် စီမံကိန်း ဟာ မြန်မာနိုင်ငံ လူထု အတွက် ထိခိုက် နိုင်ကြောင်း Eleven Media Group ကို ပြောခဲ့ ပါတယ်။

လူထုကြား ပျံ့နှံ့ပြီး ဖြစ်တဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်ရာ ဆန်းစစ် လေ့လာထားတဲ့ Environmental Impact Assessment (EIA) အစီရင်ခံစာ မှာလည်း ဆောက်လုပ် မယ့် ရေကာတာ ဟာ မြေအောက် က စစ်ကိုင်း ပြတ်ရွေ့ကြော နဲ့ နီးတဲ့ အတွက် ငလျင်ဒဏ် ခံရမယ့် အန္တရာယ် ရှိနေကြောင်း၊ တကယ်လို့ သာ ငလျင် လှုပ်လို့ ရေကာတာ ကျိုးမယ် ဆိုရင် စက္ကန့် ပိုင်း အတွင်းမှာ ပဲ မြစ်ကြီးနား မြို့ ရေမြုပ် သွား နိုင်ကြောင်း ထောက်ပြ ထားပါတယ်။

Eleven Media Group ရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး က မြစ်ဆုံ ရေကာတာ စီမံကိန်း နဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ လွှတ်တော် ကိုယ်စားလည်တွေ၊ မီဒီယာ ပိုင်း က ပုဂ္ဂိုလ်တွေ ဆွေးနွေးကြခြင်း ဖြင့် ဒီ စီမံကိန်း ရဲ့ ကောင်းကျိုး ဆိုးပြစ် တွေကို ပို သိနိုင်မှာ ဖြစ်တဲ့ အတွက် စီမံကိန်း ကို ဆက်လက်လုပ်မယ်။ ဒါမှ မဟုတ် ရပ်ဆိုင်းမယ်၊ ဒါမှ မဟုတ် ပြင်ဆင် မယ် စသဖြင့် ဆုံးဖြတ်နိုင်မှာ ဖြစ်တယ် လို့ ပြောပါတယ်။