ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုမှု ဝါရင့်နိုင်ငံရေး သမားများကြို

  • 11 ဩဂုတ် 2011
ဦးအောင်ကြည်နဲ့ ဒေါ်စုတို့ဇူလိုင်လတုံးက  တွေ့ဆုံခဲ့ကြပါတယ်။ ဓာတ်ပုံ မူပိုင် Reuters
Image caption ဦးအောင်ကြည်နဲ့ ဒေါ်စုတို့ ဇူလိုင်လတုံးက တွေ့ဆုံခဲ့ ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ အကြား အမြန်ဆုံး အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တောင်းဆိုချက်ဟာ အလွန် အပြုသဘော ဆောင်တဲ့အတွက် အပြည့်အဝ ကြိုဆိုထောက်ခံ တာလို့ ဝါရင့်နိုင်ငံရေး သမားကြီး တယောက်ဖြစ်တဲ့ ရွှေတောင် ဦးအုန်းမောင်က ဘီဘီစီကို ပြောပါတယ်။

အခုအခါ လက်ရှိအစိုးရကလည်း အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကနဲ့စာရင် ငြိမ်းချမ်းရေးလုပ်ဖို့ပိုနီးစပ်တယ်လို့ ထင်မြင်ကြောင်းလည်း ဦးအုန်းမောင်ကဆိုပါတယ်။

မကြာမီ အစိုးရအဖွဲ့ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ရင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမယ်လို့မျှော်လင့်ကြောင်း သူကဆိုပါတယ်။

အဖွဲ့အစည်းအားလုံး ပါဝင်တက်ရောက်နိုင်မဲ့ အမျိုးသား ညီလာခံမျိုး ပေါ်ပေါက်လာရင် ငြိမ်းချမ်းရေး အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မယ်လို့ယူဆလို့ ဝါရင့်နိုင်ငံရေးသမားတွေအနေနဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေအပေါ်အခြေခံပြီး အဲဒီလို ညီလာခံမျိုး ပေါ်ပေါက်ဖို့ ဆက်လက်တိုက်တွန်း သွားမယ်လို့ ဦးအုန်းမောင်က ပြောပြပါတယ်။

အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး အမျိုးသား ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးအတွက် သမ္မတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ဝါရင့်နိုင်ငံရေး လုပ်ဖေါ်ကိုင်ဘက်များက မေတ္တာရပ်ခံ ပန်ကြားလိုက်တာဖြစ်ပါတယ်။

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကတော့ လက်ရှိဒုတိယ သမ္မတရဲ့ ပြောကြား ချက်တွေကိုကြည့်ရင် အရင်အစိုးရ လက်ထက်ကအတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေး ပြည်သူ့စစ် အသွင်ကူး ပြောင်းရေးသာ တောင်းနေလို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ သိပ်မမျှော်လင့်ဘူးလို့ ဘီဘီစီကို ပြောသွားပါတယ်။