ဧရာဝတီမြစ် အတွက် ဒေါ်စု ပန်ကြား

  • 11 ဩဂုတ် 2011
suu kyi
Image caption မြစ်ဆုံ ရေကာတာ ကိစ္စ ပြန်လည် သုံးသပ်သင့် လို့ ဒေါ်စု ဆို

ဧရာဝတီမြစ်ကြီး ဟာ အန္တရာယ် နဲ့ ရင်ဆိုင် နေရပြီလို့ ''ဧရာဝတီအတွက် ပန်ကြား ချက်'' ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က နိုင်ငံရဲ့ အရေး အကြီးဆုံး မြစ်ကို အလေး ထား ဖို့ အတွက် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ စာမျက်နှာ ၃ မျက်နှာပါ ပန်ကြားချက်မှာ ဧရာဝတီ မြစ်ကြီးရဲ့ အရေးပါပုံကို ဖော်ပြထားပြီး အန္တရာယ် ကြုံနေ ရတဲ့ အပိုင်း တွေကို ဖော်ပြ ရာ မှာတော့ စနစ်ကျတဲ့ စီမံကိန်းတွေ မရှိတာ၊ ထိန်းသိမ်း မှု ဆိုင်ရာ ဥပဒေ တွေကို မလိုက်နာတာ နဲ့ အသိပညာ ဗဟုသုတ နည်းတာကြောင့် ပြဿနာ ပေါင်းစုံ ကြုံနေ ရတယ် လို့ ရေးသားထား ပါတယ်။

သစ်တောပြုန်းတီးမှု၊ မြစ်ရေ ညစ်ညမ်းမှု၊ တံတားတွေ တည်ဆောက်ရာမှာ နေရာ ရွေးချယ် မှု၊ တံတားပုံစံ ထုတ်ရာမှာ ရေတိုက်စားမှု နဲ့ သောင်ထွန်းခြင်း ပြဿနာ တွေကို ဦးစားပေး မကြည့် ခဲ့မှု စတာ တွေကြောင့် ဧရာဝတီ မြစ်ဟာ ပြဿနာ ပိုကြီး လာတယ် လို့ လည်း သူ က ဆိုပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က ဧရာဝတီမြစ် ပေါ်မှာ တရုတ် မြန်မာ ပူးတွဲ ဆောင်ရွက်နေတဲ့ ဆည် ၈ ခု စီမံကိန်းအကြောင်း ကို လည်း ဖော်ပြထား ပါတယ်။

ဆည်ကြီးတွေကြောင့် ရေစီးငြိမ်တာ နဲ့ လျှပ်စစ်စွမ်းအင်တွေ ရနိုင်တဲ့ ကောင်းကျိုး ရှိပေမယ့် ဆိုးကျိုး တွေလည်း ရှိနေတယ် လို့ ဆို ကာ အဲဒီ ဆိုးကျိုးတွေ ကို ထောက်ပြ ထား ပါတယ်။

ဆည်တွေကြောင့် ဧရာဝတီ မြစ် ဟာ ရေစီးအားနည်းလာ နိုင်ပြီး မြစ်ခြေ မြစ်ဝကျွန်းပေါ် အရပ် မှာ ဧရာဝတီ မြစ်ခွဲ တွေ ထဲ ပင်လယ် က ဆားငံရေ ပိုဝင်ရောက် လာကာ အဲဒီ သက်ရောက် မှု ကြောင့် ဒေသတွင်း စပါးထုတ်လုပ်မှု ကျဆင်းပြီး နိုင်ငံခြား ဝင်ငွေ ကျဆင်း နိုင်တယ် လို့ ဆိုပါတယ်။

မြစ်ဆုံ စီမံကိန်း အရ ရေကာတာ ဆောက်မည့် ဒေသမှာ ဘူမိပြတ်ရွေ့ကြောတွေ ရှိနေတာ နဲ့ ဧရာမ ဆည်ကြီး ဖြစ်နေတာကြောင့် တကယ်လို့ ငလျင် ဖြစ်လာရင် အဲဒီ ဒေသ က လူတွေ ဒုက္ခရောက် နိုင်တယ်လို့ ထောက်ပြ ပါတယ်။

ဒေသခံ ကချင် အမျိုးသားတွေ ကလည်း ဒီမြစ်ဆုံ စီမံကိန်းကို မလိုလားကြဘူး လို့ ဖော်ပြ ပါတယ်။

ဒါကြောင့် တရုတ် မြန်မာ နှစ်ဘက် အစိုးရတွေ အနေနဲ့ နှစ်နိုင်ငံအကျိုးကို ရှေ့ရှုကာ အသက် အိုးအိမ်တွေကို အန္တရာယ်နိုင်မယ့် ကိစ္စရပ်တွေ ရှောင်ရှားသင့်တယ်၊ ဒီ မြစ်ဆုံ စီမံကိန်းကို ပြန်လည် သုံးသပ်သင့်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

ဧရာဝတီမြစ်ကြီး နဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ် ပညာ ဆိုင်ရာနဲ့ နိုင်ငံရေး ဆိုင်ရာ ပြဿနာတွေကို အားလုံး ပူးပေါင်း ဆောင်ရွက်ကြ မှသာ မြစ်ဆုံ စီမံကိန်း အရေး ကို အောင်မြင်အောင် ဖြေရှင်း နိုင်မယ် လို့ ဒေါ်အောင်ဆန်း စုကြည် က ဆိုပါတယ်။