နောက်ဆုံး ရေးသားချိန် 11 သြဂုတ်လ 2011 - 17:43 GMT

ဝမ့်ဟိုင်း ဌာနချုပ်က ဘာကြောင့်အရေးပါသလဲ

SSA soldiers

ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - SSPP/SSA)

အခုနှစ်ဆန်းပိုင်းကစလို့ အစိုးရတပ်ဖွဲ့တွေနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့တွေ အကြား တိုက်ပွဲ ဖြစ်ပွားနေတာ အခုဆိုရင် ငါးလနီးပါး ကြာမြင့်ခဲ့ပါပြီ။

ဇူလိုင်လကုန်ပိုင်းကစလို့ SSA ရဲ့ ဝမ့်ဟိုင်း ဌာနချုပ်ကို အစိုးရတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာ ကြောင့် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာပါတယ်။

အစိုးရတပ်တွေ အနေနဲ့ “ဝမ့်ဟိုင်းဌာနချုပ်” ကိုရရှိရေး အဓိက ဦးတည် တိုက်ခိုက် လာတာဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ကို ချေမှုန်းလိုတဲ့ ရည်ရွယ်ချက် တစ်ခုထဲ နဲ့ မဟုတ်ပဲ တခြား ပိုမိုကြီးမားတဲ့ စစ်ရေး ရည်မှန်းချက်တွေ ရှိလို့ ဖြစ်နိုင်ကြောင်း SSA-N တပ်မှူးကြီးတွေက ယူဆကြပါတယ်။

စစ်ရေး ရည်မှန်းချက်ကြီးတွေ ရှိနိုင်

ဝမ့်ဟိုင်း နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ရှမ်းပြည် အရှေ့ပိုင်းဒေသတွေမှာ ရှိတဲ့ UWSA ခေါ် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မိန်းလားခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ တွေကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက် ချင်တယ်ဆိုရင် စစ်ရေးအရ အချက်အခြာ ကျတဲ့ ဝမ့်ဟိုင်း ဌာနချုပ်ရှိတဲ့ နေရာကို အရင်ဆုံး နယ်မြေ စိုးမိုးမှု ရှိဖို့လိုတဲ့ အကြောင်း SSA-N အဖွဲ့ရဲ့ မဟာမိတ် ရေးရာ ဆက်ဆံရေးဌာန ဒု-တာ၀န်ခံ ဗိုလ်မှူးကြီး ပိန်ဖှက သုံးသပ်ပါတယ်။

SSA soldiers in action

အစွမ်းကုန် ခုခံကာကွယ်သွားမယ်

“တကယ်လို့ SSA ကို မဖြိုခွင်းနိုင်ဘူး ဆိုလို့ရှိရင် “ဝ” ကိုသွားတိုက်တဲ့ နေရာမှာလည်း သူတို့ အခက်အခဲ ရှိလိမ့်မယ်။ မိန်းလားကို သွားတိုက်တဲ့ နေရာမှာလည်း အခက်အခဲ ရှိမယ်။ ဒါကြောင့်မို့ အဓိကကတော့ SSA ကို ဖြိုခွင်းဖို့ ဖြစ်တယ်”

SSA အတွက်တော့ ဝမ့်ဟိုင်းဌာနချုပ် အခြေစိုက်ထားတဲ့ နေရာဟာ SSA အတွက် စစ်ရေး၊ နိုင်ငံရေး သာမက စီးပွားရေးအရပါ အချက်အချာကျတဲ့ အတွက် ဌာနချုပ် မကျရေး အတွက် အစွမ်းကုန် ခုခံကာကွယ် သွားမယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့် မဖြစ်မနေ ဆုတ်ခွာရရင်လည်း ပြောက်ကျားနည်းနဲ့ ဆက်လက် တိုက်ခိုက်သွားဖို့ အဆင်သင့် ဖြစ်နေတယ် လို့လည်း ဗိုလ်မှူးကြီး ပိန်ဖှက ပြောပါတယ်။


“အခုက မြောက်ပိုင်းရှမ်းပြည်တခုလုံးကို ကျနော်တို့က နေရာယူထားတာ ဖြစ်တော့ အဲဒီနေရာဟာ တကယ့် စစ်ရေး အရရော ဘာအရရော မလုပ်ဆောင်နိုင်စရာ မရှိဘူး။ ဝမ့်ဟိုင်း မရှိပေမယ့် ကျနော်တို့ တပ်တွေ အားလုံးကို ဦးစီးနိုင်တာ၊ ညွှန်ကြားတာတွေ လုပ်နိုင်တယ်။”


SSA မြောက်ပိုင်းရဲ့ လှုပ်ရှားခွင်


ဝမ့်ဟိုင်းဌာနချုပ်ဟာ ကျေးသီးမြို့ရဲ့ အရှေ့မြောက်ဖက်မှာ တည်ရှိပြီးတော့ သူ့ရဲ့ အရှေ့တောင်ဖက် ကွန်ဟိန်းမြို့နယ်ကတော့ အစိုးရတပ်နဲ့ မဟာမိတ် ဖြစ်တဲ့ ပြည်သူ့စစ် အသွင်ပြောင်း တပ်မဟာ ၇ လှုပ်ရှားဒေသ ဖြစ်ပါတယ်။ တောင်ဖက်၊ အနောင်တောင်ဖက်နဲ့ အနောက်ဖက်ခြမ်း ဒေသတွေကတော့ မြန်မာအစိုးရကို တိုက်ပွဲ၀င်နေဆဲ ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တပ်ဖွဲ့ လှုပ်ရှားခွင်နဲ့ နယ်မြေချင်း ထိစပ်နေ ပါတယ်။ အနောက်မြောက်ဖက် မှာတော့ ဌာနချုပ်ဟောင်း စိန်ကျော့နဲ့ ပြည်သူ့စစ် အသွင်ပြောင်း တပ်မဟာ(၃)ရဲ့ လှုပ်ရှားခွင် က ဝိုင်းရံ ထားပါတယ်။


လက်ရှိ အစိုးရတပ်ဖွဲ့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ခံနေရတဲ့ ဝမ့်ဟိုင်း တပ်ဖွဲ့ကို တပ်မဟာ(၅)ခုနဲ့ ပြန်လည် ပြင်ဆင် ဖွဲ့စည်းထားပြီး ဝမ့်ဟိုင်းဒေသ တဝိုက် အပါအ၀င် မြောက်ဖက်နဲ့ အရှေ့ဖက်မှာရှိတဲ့ တန့်ယန်း၊ လားရှိုး၊ မိန်းယိုင်၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှုး မြို့နယ် တွေမှာ အဓိက လှုပ်ရှားနေပါတယ်။


ရှမ်းမြောက်တပ်ဖွဲ့ သမိုင်း


အခု ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက် အပစ်ရပ်ခဲ့စဉ်က အထူးဒေသ(၃) နာမည်နဲ့ စိန်ကျော့ ဌာနချုပ်ကို အခြေပြုပြီး တပ်မဟာ(၃)ခုနဲ့ ရပ်တည်ခဲ့တဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အဖွဲ့ကနေ မြစ်ဖျားခံခဲ့ပါတယ်။


၂၀၀၉ ခုနှစ် ရောက်တဲ့အခါ ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးလာတဲ့အတွက် မြောက်ပိုင်း ရှမ်းပြည် တပ်မတော်မှာ တပ်မဟာ ၃ ခုရှိတဲ့ အနက် ၂ ခု (တပ်မဟာ ၃ နဲ့ တပ်မဟာ ၇) တို့က ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

အခုလက်ရှိ ၀မ့်ဟိုင်းဌာနချုပ်မှာ အခြေစိုက်ထားတဲ့ တပ်မဟာ(၁) တပ်ဖွဲ့ ကတော့ အသွင်ပြောင်းရေးကို ငြင်းဆန်ပြီး ဆက်လက်ရပ်တည်ခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဗိုလ်မှူးကြီး ရွက်ဆစ်ဦးဆောင်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ သီးခြားရှိပြီး သူတို့ကို ရှမ်းပြည် တပ်မတော် တောင်ပိုင်းလို့ လူသိများပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်မှာ တစ်ခုတည်းသော ရှမ်းပြည်တပ်မတော် အဖြစ် ရပ်တည်ဖို့ မြောက်ပိုင်း နဲ့ တောင်ပိုင်း တပ်ဖွဲ့တွေ အကြား သဘောတူခဲ့ကြပါတယ်။ လက်တွေ့အနေအထား အရ ပေါင်းစည်းနိုင်မှု မရှိသေးဘူးလို့ အကဲခတ်တွေက ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ရာနေရာများ (ဓာတ်ပုံ - SHAN)

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။