နှစ်ဘက် ပူးပေါင်းဆောင်ရွက်မည်

  • 12 ဩဂုတ် 2011
dassk ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရဝန်ကြီး နဲ့ တွေ့ဆုံ အပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်စဉ်

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ မြန်မာအစိုးရ ရဲ့ ပြည်ထောင်စု ဝန်ကြီး တဦးဖြစ်တဲ့ ဦအောင်ကြည် တို့ သောကြာနေ့ က တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ၂ ဘက် အပြုသဘော ပူးပေါင်း ဆောင်ရွက် ကြမယ် လို့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ဆွေးနွေးပွဲ အပြီး နှစ်ဘက် သဘောတူ ထုတ်ပြန်တဲ့ အချက် တွေ ကို ဝန်ကြီး ဦးအောင်ကြည် က သတင်းထောက် တွေကို ဖတ်ကြား ပြရာမှာ နိုင်ငံတည်ငြိမ်ရေး ၊ ဒီမို ကရေစီ နဲ့ ဖွံ့ဖြိုး တိုးတက်ရေး တို့ အတွက် ၂ ဘက် ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူ ကြကြောင်း ပြောသွား ပါတယ်။

အခု လို သဘောတူကြတဲ့ အချက် ၄ ချက် ရှိပြီး အဲဒီ အချက် တွေ ထဲမှာ ၂ ဘက်ကြား ပဋိပက္ခ အသွင် ဆောင်သော အမြင် သဘောထား များ ကို ရှောင်ရှားမယ် လို့ လည်း သဘောတူ ခဲ့ကြ သလို အခုလို ဆွေးနွေးပွဲ တွေကို ဆက်လက် လုပ်ဆောင်မယ် လို့ လည်း သဘောတူ ခဲ့ကြ ပါတယ်။

အသေးစိတ် ဘယ်လို ပူးပေါင်းဆောင်ရွက် ကြမလဲ ဆိုတဲ့ အချက် တွေ အပေါ်မှာ တော့ ရှင်းရှင်း လင်းလင်း မရှိ သေး ပေမယ့် သူတို့ ၂ ဦး အရင် ဇူလိုင် လ အတွင်း က တွေ့ဆုံစဉ် က ထက်တော့ အခု ဆွေးနွေးပွဲ နဲ့ ပတ်သက်တဲ့ အချက် အလက် တွေ ပိုထုတ်ပြန် လာတာ တွေ့ ရပါတယ်။

အရင်တုန်း ကလည်း အခုလို တွေ့ဆုံ ဆွေးနွေးမှု မျိုးဖြစ်ခဲ့ ပေမယ့် နိုင်ငံရေး အရ ရေရာတဲ့ တွေ့ဆုံ ဆွေးနွေးမှု အဆင့် ထိ မတက်လှမ်း နိုင်ခဲ့ ကြပါဘူး။

ဒါပေမယ့်လည်း အခုလို တွေ့ဆုံ ဆွေးနွေး နေကြခြင်း ကို က ကောင်းတဲ့ အခြေအနေ ဖြစ် တယ် လို့ သုံးသပ်သူ တွေက မြင်ပါတယ်။

တချို့ သုံးသပ်သူ တွေ ကလည်း အစိုးရ အနေနဲ့ နိုင်ငံတကာ ဖိအား တွေ လျော့ကျလာ အောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ဟန်ပြ ဆွေးနွေးမှု လုပ်ကြတာ လို့ ဆိုပါတယ်။

ဝါရင့် သတင်း သမား တဦးဖြစ်တဲ့ ဆရာ မောင်ဝံသ ကတော့ အစိုးရ ဘက် က ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံ ခြင်း ကို က ကောင်းတဲ့ လက္ခဏာ ဖြစ်တဲ့ အတွက် ကြိုဆို တယ် လို့ ဆိုပါတယ်။