ဒေါ်လာ​စျေး​အကျ ပို့​ကုန်​အခွန် အကုန်​လျှော့​ဖို့​လို

  • 14 ဩဂုတ် 2011

မြန်မာနိုင်ငံမှာ ယေဘူယျ သဘောအားဖြင့် မြန်မာကျပ်ငွေ စျေးနှုန်းက မာနေပြီး အမေရိကန် ဒေါ်လာစျေးနှုန်းက နိုင်ငံတကာမှာ ဆက်တိုက် ကျဆင်းနေသလို မြန်မာနိုင်ငံမှာတော့ မြန်မာကျပ်ငွေနဲ့ လဲလှယ်နှုန်းက သာလိုတောင် ကျနေတယ်လို့ ပြောလို့ရပါတယ်။

Image caption မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာတွေပုံနေလို့ စျေးကျတာလို့လည်း ပညာရှင်တချို့က သုံးသပ်

ဒီလိုအမေရိကန်ဒေါ်လာငွေစျေး ကျနေတုန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရသစ်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိမ်းက မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာ လဲနှုန်း တမျိုးတည်း ဖြစ်အောင် အစိုးရက လုပ်ရင်း လက်ရှိ ထုတ်ဝေ ထားတဲ့ အက်ဖ် အီး စီကို ရုပ်သိမ်း သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

အက်ဖ်အီးစီ ကိုင်ထားတဲ့သူတွေ မနစ်နာအောင် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိမ်းက သတင်းစာ ရှင်းလင်းပွဲမှာ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပေမယ့် အက်ဖ်အီးစီ ကိုင်ထားတဲ့ လူတွေကတော့ စိတ်ပူပန်မှုတွေ ရှိနေပါတယ်။

အစိုးရက မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်း တမျိုးတည်းဖြစ်အောင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကူအညီနဲ့ လုပ်ဆောင် သွားမယ် ဆိုတဲ့ ကိစ္စကိုတော့ ငွေရေးကြေးရေး စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ ဦးဟန်ထွန်း (အခွန်) က အကောင်းဘက်က ရှုမြင်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ IMF က ငွေလဲနှုန်း ဟနေတာတွေကို ပြင်ဖို့ တိုက်တွန်းတာ ကြာပြီ၊ အခု သူတို့ တိုက်တွန်းသလို မြန်မာအစိုးရက လုပ်မယ်ဆိုတော့ တကယ် ကူညီ မယ်လို့ မြင်တဲ့ အကြောင်းနဲ့ ဒီလို ငွေလဲနှုန်း တမျိုးတည်း ထားဖို့ လုပ်တာဟာ မလွယ်ပေမယ့် အခုလို ကမ္ဘာက ကူညီမယ် ဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ဦးဟန်ထွန်းက ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာကျပ်ငွေက စျေးကွက်ထဲနည်းနေပြီး အမေရိကန်ဒေါ်လာ တွေက မြန်မာပြည်မှာ ပုံနေတဲ့ သဘောရှိတယ်လို့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တချို့က သုံးသပ်ပါတယ်။

အစိုးရက အသုံးစရိတ်တွေ လျှော့လိုက်တယ်၊ စီမံကိန်းတွေကို ရပ်လိုက်တယ်၊ တယ်လီဖုန်းတွေ ရောင်းတယ်၊ ပုဂ္ဂလိကပိုင် လုပ်တယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျောက်မျက်ပွဲ တွေကနေ အမေရိကန် ဒေါ်လာတွေ ဝင်လာပြီး ကျပ်ငွေတွေကို အစိုးရက ပြန်သိမ်းထားတာကြောင့် ဒေါ်လာစျေးကျတာလို့ ဦးဟန်ထွန်းက ပြောပါတယ်။

လတ်တလောမှာတော့ အခုလို မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာမှာ အမေရိကန်ဒေါ်လာက ပြုတ်ကျနေတာကြောင့် အမေရိကန်ဒေါ်လာနဲ့ ဝင်ငွေရတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ နဲ့ စီးပွားရေးသမားတွေ၊ ဝန်ထမ်းတွေ အခက်တွေ့နေပါတယ်။

လက်ရှိမှာ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ပို့ကုန်ခွန်ကို မူလပေးဆောင်နေတဲ့ အခွန်ပမာဏ ကနေ သုံးရာခိုင်နှုန်း လျှော့ချပေးပြီး ဖြစ်ပေမယ့် လိုအပ်လာရင် အစိုးရ အနေနဲ့ လုံးလုံး မကောက်တော့ဘဲ လျှော့ချလိုက်ဖို့ လိုတယ်လို့ ဦးဟန်ထွန်း (အခွန်) က ဘီဘီစီကို ပြောပါတယ်။