မြို့​လယ်​စျေး​သည်​တွေ ဒုက္ခရောက်

  • 13 ဩဂုတ် 2011

ရန်ကုန်မြို့လယ် လမ်းမကြီးတွေပေါ်က လမ်းဘေးစျေးသည်တွေကို ရန်ကုန်စည် ပင်သာယာက အတင်း အဓမ္မ လိုက်လံ ဖမ်းဆီးနေလို့ စျေးသည်တွေ ဒုက္ခများနေ ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ရန်ကုန်က လမ်းဘေးစျေးသည်တချို့

ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတား၊ လသာ စတဲ့ မြို့နယ်ကြီး ၆ မြို့နယ်က လမ်းဘေး ဈေးသည် တွေကို သက်ဆိုင်ရာ စည်ပင် သာယာရေး အဖွဲ့ကနေ စည်းကမ်း ချက်တွေ ထုတ်ပြီး လိုက်လံ ဖမ်းဆီး တာလို့ ဈေးသည် တွေက ပြောပါတယ်။

``ပစ္စည်းသိမ်း စီမံချက်ဆိုပြီး တွေ့သမျှတွေ အကုန်ဆွဲပြီး ကားပေါ် တင်တယ်။ လိုက်သိမ်းလို့ ရှိရင်လည်း အယောက် ၅၀လောက် ရှိတယ်။ လိုက်ရွေးလို့ ရှိရင်လည်း သူတို့က ရေဝေးကို ပို့ပြီး မီးရှို့လိုက်ပြီလို့ အဲလိုပြောတယ်ရှင့်`` လို့ လသာမြို့နယ်တွင်းက စျေးသည်တဦးက ဘီဘီစီကို ပြောပါတယ်။

``ခုဝင်ငွေမရှိဘူး၊ ဝန်ထမ်းတွေကလည်း ကိုယ်က မကျွေးထားလို့ ဘယ်လို လုပ်မလဲ။ ဝင်ငွေ မရှိတော့ သူတို့ မိသားစုရော၊ ကိုယ့်မိသားစုပါ အဆင် မပြေဘူးရှင့်`` လို့ သူက ဆက်ပြောပါ တယ်။

စည်ပင်က သတ်မှတ်ထားတဲ့ လူသွား လမ်းပေါ်နဲ့ ကားလမ်းဘေးတွေမှာ ဈေးမရောင်းရဘူး၊ စည်ပင်က သတ်မှတ်ထားတဲ့ အချိန် နေရာတွေမှာပဲ ရောင်းခွင့် ပေးပြီးတော့ ဈေးသည်တွေ အနေနဲ့ လိုက်နာရမယ့် အချက်၇ ချက်ကို သြဂုတ်လ ၁၂ ရက်က စလို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို လမ်းဘေးဈေးသည် ရှင်းလင်းရေး လုပ်နေလို့ စားဝတ်နေရေး ထိခိုက်နေတာကြောင့် သမ္မတ ဦးသိန်းစိန်ကို အသနားခံတင်ပြဖို့ လမ်းဘေးဈေးသည်တွေက ပြင်ဆင်နေပါတယ်။

`` အခွန်ပေးပါ့မယ်၊ ကားသွားလမ်းပေါ်မှာ ဈေးမရောင်းပါဘူး၊ ကျန်းမာရေးနဲ့ ညီတဲ့ စားသောက်ကုန်ကို ရောင်းချပါ့မယ်။ စည်ကမ်းရှိစွာ ရောင်းချပါ့မယ်၊ ဆူညံမှု မရှိစေရပါဘူး၊ ဒါပေမဲ့ အချိန် ကန့်သတ် မထားစေချင်ဘူး`` လို့ သမ္မတဆီကို စာတင်ဖို့ လုပ်နေတဲ့ ဦးဆောင် သူ တဦးက ဘီဘီစီကို ပြောပါတယ်။