ဒေါ်စုနဲ့ ဦးအောင်ကြည် တွေ့ဆုံမှု အန်အယ်ဒီ သဘာထား ထုတ်ပြန်

  • 15 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ သြဂုတ်လ ၁၂ ရက်နေ့က တကြိမ်၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က တကြိမ် နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကို ဒီကနေ့ ရှင်းပြခဲ့ရာမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လက်ခံခဲ့ပြီး နှစ်ဘက် ထုတ်ပြန်ခဲ့တဲ့ သဘောတူညီချက်တွေကို အန်အယ်ဒီက ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နှစ်ဦးနှစ်ဘက် သဘောတူညီချက်ဟာ ရှေ့ဆက် အကျိုးရှိတဲ့ ဆောင်ရွက်ချက်တွေ လုပ်နိုင်တယ်ဆိုတဲ့ အခြေအနေရှိတယ်ဆိုတာ ပြနေတယ်လို့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောခဲ့ပေမဲ့ အသေးစိတ်ကို မဖေါ်ပြခဲ့ပါဘူး။

နောက်ပြီး နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဆိုတာနဲ့ အန်အယ်ဒီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆိုလိုတာလို့ ပြောပါတယ်။

ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်ကို ရှောင်ရေးဆိုတာဟာ ပဋိပက္ခအသွင်ဆောင်တွေကို အပြုသဘောဆောင်တဲ့ အသွင်ပြောင်းပြီး ညှိနှိုင်းဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ သဘောပေါက်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ လက်ရှိအစိုးရနဲ့ အန်အယ်ဒီကြား၊ လက်ရှိအစိုးရနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအကြား ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

အန်အယ်ဒီရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ ပြောကြားချက်တွေကို ဘာမှ မဝေဖန်လိုပေမဲ့ အခုလုပ် နေတာဟာ အားလုံးညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပြီး၊ မညီညွတ်တာကိုလည်း ညီညွတ်အောင် တိုင်ပင်ညှိနှိုင်းဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးဟာ တွေ့ဆုံဆွေးနွေးမှုမှာ အဓိကအချက် အဖြစ်ပါဝင်နေဆဲ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က သွားရောက်ခဲ့တဲ့ ပဲခူးမြို့နဲ့ သနပ်ပင်မြို့ ခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးခဲ့သူတွေ၊ လာရောက်အားပေးခဲ့ကြတဲ့ ပြည်သူတွေ၊ ဒီမိုကရေစီကွန်ယက်နဲ့ လူမှုကွန်ယက်များမှ အဖွဲ့ဝင်တွေနဲ့ အစစက ပံ့ပိုးပေးခဲ့တဲ့ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကျေးဇူတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။