ကုန်သွယ်ခွန်ကို ကင်းလွတ်ခွင့်ပြု

  • 15 ဩဂုတ် 2011
Beans ဓာတ်ပုံ မူပိုင် bbc
Image caption သီးနှံတွေထဲမှာ ပဲတင်ပို့မှုက ပမာဏများ

ပြည်ပကို ပို့နေတဲ့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်း စတဲ့ အမျိုးအစား ၇ မျိုးမှာ ကုန်သွယ်ရေးလုပ်ငန်းခွန်တွေကို ကင်းလွတ်ခွင့် ပြုလိုက်တယ်လို့ မြန်မာ အစိုးရက ကြေငြာပါတယ်။

အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြည်ပ ပို့ကုန် တိုးမြှင့်ရေးကို အားပေးတဲ့ အနေနဲ့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကင်းလွတ်ခွင့် ပြုတဲ့ ကာလဟာ သြဂုတ်လ ၁၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၄ ရက်ထိ ၆ လ ကြာမြင့်မယ်လို့ ကြေငြာပါတယ်။

ဒါဟာ ဒုတိယအကြိမ် ကုန်သွယ်ရေး လုပ်ငန်းခွန် လျော့ချပေးခဲ့တာ ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ ဇွန်လကုန်တုန်းက ပထမတကြိမ် အဖြစ် ၈ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းထိ လျော့ချပေး ခဲ့တယ်၊ အခုတစ်ခါ အဲဒီ ၅ ရာခိုင်နှုန်းကိုပါ ကင်းလွတ်ခွင့် ပေးလိုက်တဲ့ သဘောဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်လုပ်ငန်း အသင်းက ဒုတိယ ဥက္ကဌ ဦးစိန်ဝင်းလှိုင်က ဘီဘီစီကို ပြောပါ တယ်။

ပို့ကုန်ခွန်ထဲမှာ ပါတဲ့ အမြတ်ခွန် ၂ ရာခိုင်နှုန်းကိုတော့ ကုန်သည်တွေက ဆက်လက် ထမ်း ဆောင် ရမှာ ဖြစ်ပါတယ်။

အခုလို အခွန် လျော့ပေး လိုက်တဲ့အတွက် ကုန်သည်တွေအတွက်ရော တောင်သူ လယ်သမား တွေ အတွက်ပါ အမြတ်အစွန်းနဲ့ စျေးကောင်း ပိုရလာနိုင်တယ်လို့ ဦးစိန်ဝင်းလှိုင်က ပြောပါ တယ်။