လူထု​ဆန္ဒ​ထုတ်ဖော်​ပြီး သမ္မတ​လိုက်လျော​စေ​မ​ယ်

  • 16 ဩဂုတ် 2011

ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်တန့်သွားအောင် လူထုလက်မှတ်တွေ ရယူ တင်ပြ ကန့်ကွက်မယ့် လှုပ်ရှားမှုတရပ်ကို ဖော်ဆောင်ဖို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဧရာဝတီဟာ မြန်မာတွေအတွက် သိပ်အရေး ကြီးတာကြောင့် ကာကွယ်ရမယ်လို့ ဆိုပါတယ်

မြစ်ဆုံစီမံကိန်းဟာ အန္တရာယ်ရှိတာကို လူထု သိစေချင်တယ်၊ သိပြီးရင်လည်း ပူးပေါင်း ဆောင်ရွက် စေချင်တယ်။ ဒါမှ နိုင်ငံတော် သမ္မတကလည်း ပြည်သူ့ ဆန္ဒ အမှန်ကို သိပြီး ပြည်သူ့ဆန္ဒ အတိုင်း လိုက်လျော စေချင်တယ်လို့ ဦးဆောင် လှုပ်ရှားသူ တဦးဖြစ်သူ ကိုမျိုးရန်နောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

စီမံကိန်းရဲ့ ဆိုးကျိုးတွေကို ပြည်သူတွေ သိစေဖို့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်မယ်၊ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို သေချာ ရှင်းပြပြီးမှ လက်မှတ်တွေ ယူသွားမယ်လို့ သူက ဆိုပါတယ်။

ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့လို့ ၈၈ ကျောင်းသားခေါင်းဆောင်တချို့က ထောင်ကျနေတယ်၊ ကိုထွန်းအောင်ကျော်တို့လို ကျောင်းသားခေါင်းဆောင်တွေက ရှောင်တိမ်း နေရပေမယ့် မြန်မာတနိုင်ငံလုံး သွားလို့ စည်းရုံးလှုပ်ရှားဖို့က အဆင်ပြေပါတယ်လို့လည်း သူက ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားဆိုတာ ၈၈ ကနေစလို့ ၂၀၀၇ ကျောင်းသားအထိ ပါတာမို့ အင်အားအပြည့်အဝ ရှိတယ်၊ ဒီလှုပ်ရှားမှုအတွက် အကြမ်းဖျင်း ကာလ တလ သတ်မှတ် ထားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။