လယ်ယာ​မြေဥ​ပ​ဒေ​အပါအဝင် ဆွေးနွေး​စရာ​တွေ​များ

  • 20 ဩဂုတ် 2011

လာမယ့်သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေ ပြန်စတဲ့အခါ ဆွေးနွေးစရာ ဥပဒေမူကြမ်းတွေ များသလို၊ မေးခွန်းတွေနဲ့ အဆိုတွေကလည်း များတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတတွေ ကျမ်းသစ္စာကျိန်ဆိုနေတဲ့ နေပြည်တော်က ပြည်သူ့လွှတ်တော်

ဥပဒေမူကြမ်းတွေထဲမှာ လယ်ယာမြေ ဥပဒေ ပါသလို၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်တာ တွေလည်း ပါမယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးမန်း မောင်မောင် ဉာဏ်က ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စနစ်တကျ ရွေးချယ်နိုင်ဖို့ ဒီလွှတ်တော် အစည်းအဝေး တွေမှာ ဥပဒေအဖြစ် ထွက်လာနိုင်အောင် ဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ သူက ဆိုပါတယ်။

လယ်ယာမြေဥပဒေအဆိုပြုမူကြမ်းကို ရေးထားတဲ့ ကြံ့ခိုင်ရေးပါတီက မူကြမ်းကို ကြိုတင် ဝေငှထားတဲ့အတွက် လေ့လာပြီး ဖြစ်ပေမယ့် သူတို့ ပါတီ အနေနဲ့လည်း လွှတ်တော်ထဲမှာ ဆွေးနွေးစရာတွေကို ပြင်ဆင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ မူကြမ်းအရဆိုရင် အရင်တည်ရှိနေတဲ့ လယ်ယာမြေနဲ့ တောင်သူလယ် သမား ဆိုင်ရာ ဥပဒေတွေကို ဖျက်သိမ်းပြီး ဥပဒေအသစ်တခုအဖြစ် ပြဌာန်း သွားမှာ ဖြစ်ပါတယ်။ မူကြမ်းရဲ့ အနှစ်သာရကတော့ လယ်ယာမြေတွေကို ပေါင်နှံ၊ ရောင်းချပိုင်ခွင့် မရှိဘူး၊ နိုင်ငံတော်က အလိုရှိတဲ့အတိုင်း သုံးစွဲနိုင်သလို စီမံခန့်ခွဲ နိုင်တယ်လို့ ပါရှိတယ်လို့ သိရပါတယ်။

နိုင်ငံတော်က လိုအပ်လို့ သိမ်းယူပေမယ့်လည်း လျော်ကြေးကိစ္စကိုတော့ ဥပဒေထဲမှာ ထည့်သွင်းဖော်ပြထားတာမျိုး မတွေ့ရဘူးလို့ ကြံ့ခိုင်ရေးပါတီရဲ့ ဥပဒေမူကြမ်းကို လေ့လာကြည့်ထားတဲ့ ဦးမန်းမောင်မောင်ဉာဏ်က ဘီဘီစီကို ပြောပါတယ်။