ကင်တာနား မြန်မာနိုင်ငံ တနင်္ဂနွေ ရောက်မည်

  • 16 ဩဂုတ် 2011
Quintana
Image caption မစ္စတာ သောမတ် အိုဟေး ကင်တားနား

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားက မြန်မာနိုင်ငံ ကို လာမယ့် တနင်္ဂနွေနေ့ သြဂုတ်လ ၂၁ ရက်က စလို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် သွား ရောက်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာပြည် ကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ အတွင်း က နောက်ဆုံး သွားရောက်ခဲ့ပြီး အဲဒီနောက်ပိုင်း မြန်မာအစိုး ရက လာရောက်ခွင့် မပေးခဲ့ပါဘူး။

အခုခရီးစဉ် အတွင်းမှာ အရင်ခရီးစဉ် အတွင်းတုန်းက သူ့ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အကြံပြု ချက်တွေကို မြန်မာအစိုးရက ဘယ်လောက် အတိုင်းအတာထိ လုပ်ဆောင်သလဲ ဆိုတာကို ဆန်းစစ် လေ့လာမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

အဲဒီ အချိန် က သူ အထူးပြု တောင်းဆို ခဲ့တာ တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ် မြောက်ရေး၊ စစ်တပ် ကို လူ့ အခွင့် အရေး တွေ ချိုးဖောက်မှု မလုပ် စေဖို့ အတွက် ပြုပြင်ပြောင်းလဲ ရေး တွေလုပ်ဖို့ နဲ့ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေ တွေနဲ့ မဆီလျော် တဲ့ မြန်မာနိုင်ငံ က ဥပဒေ တွေ ကို ပြန်လည် သုံးသပ်ပေးဖို့ စတာ တွေ ပါဝင်ပါတယ်။

မစ္စတာ ကင်တားနားဟာ အခု ခရီးစဉ်အတွင်း အစိုးရဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ လူမှု့အဖွဲ့အစည်းတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။

နောက်ပြီး အင်းစိန် အကျဉ်းထောင်ကို သွားရောက်ဖို့ ရှိသလို အကျဉ်းထောင်တွေရဲ့ အခြေအနေ ကိုလည်း ဆန်းစစ်ဖို့ ရှိပါတယ်။

Image caption အင်းစိန် အကျဉ်းထောင်ကိုလည်း သွားဖို့ ရှိ

ခရီးစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စကို ဦးစားပေး လုပ်ဆောင်မယ် လို့လည်း မစ္စတာ ကင်တားနားက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အစိုးရ သစ်တက်လာ ပြီးနောက် မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ပြောင်းရေး ကိစ္စရပ် တွေကိုလည်း လေ့လာ ဆန်းစစ် သွားဖို့ ရှိတယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက လူ့အခွင့်ရေး အခြေအနေတွေ အတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သူ တစ်ဦးဖြစ်သလို လူ့အခွင့်အရေး အခြေအနေတွေကို ပြတ်ပြတ် သားသား ဝေဖန် ထောက်ပြ ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက နောက်ဆုံး လူ့အခွင့်ရေး အခြေအနေတွေကိုတော့ သူ့ခရီးစဉ်အပြီး လေ့လာမှုတွေ လုပ်ပြီးမှသာ ပြောကြားနိုင်မယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနားဟာ အခုခရီးစဉ်အပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ အပေါ် အစီရင်ခံစာ တစ်စောင် ရေးဖို့ ရှိပြီး အဲဒီ အစီရင်ခံစာဟာ ဒီနှစ်ကုန်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်ပြမှာ ဖြစ်ပါတယ်။