အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ် တိုက်ပွဲဖြစ်

  • 16 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Shan Herald
Image caption SSA မြောက်ပိုင်းတပ်ဖွဲ့တွေဖက်ကလည်း ထိခိုက် ဒဏ်ရာရသူတွေ ရှိ

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့မြောက်ဖက်မှာ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ ကစပြီး အစိုးရ တပ်တွေနဲ့ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N တပ်ဖွဲ့ အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

SSA မြောက်ပိုင်း ဌာနချုပ် အခြေစိုက်တဲ့ ဝမ်ဟိုင်း အရပ်ဆီ ရှေ့တိုး နေရာယူလာတဲ့ အစိုးရတပ်တစ်ချို့ ပြန်ဆုတ်သွားပြီဆိုတဲ့ သတင်းတွေ အရင် သီတင်းပတ်တွေအတွင်းက ပေါ်ထွက်ခဲ့အပြီးမှာ အခုလို နှစ်ဖက်အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။

တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ SSA မြောက်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ဘီဘီစီကို ပြောပါတယ်။

SSA မြောက်ပိုင်း စခန်းငယ် ၇ခုလောက် အစိုးရတပ်တွေရဲ့ သိမ်းယူခံခဲ့ရအပြီး တောထဲမှာ ခိုအောင်းနေတဲ့ SSA တပ်သားတွေကို အစိုးရတပ်တွေက တောနင်းပြီး လိုက်လံ ရှာဖွေရာ ကနေ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

ဝမ်ဟိုင်း ဌာနချုပ်နားကနေ အစိုးရတပ်တွေ ဆုတ်ခွာသွားပေမဲ့ တပ်တစ်ချို့ ဆက်တပ်စွဲထား ဆဲပဲလို့ ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ နီးတဲ့ ကချင်ဒေသမှာ KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ အပစ်အခတ် ရပ်ဖို့ အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေတာဟာ KIAကို အလုံးအရင်းနဲ့ တိုက်ဖို့ တရုတ်အစိုးရနဲ့ နားလည်မှု မရသေးတာကြောင့်လို့ ယူဆရပြီး အတွင်းပိုင်းကျတဲ့ ရှမ်းပြည်နယ်တွင်းက ရှမ်း တပ်ဖွဲ့တွေကို ဆက်လက် တိုက်ခိုက်နေတာကတော့ တစ်ဖွဲ့ချင်း ဖြိုခွင်းဖို့ နည်းပရိယာယ် သုံးတာ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။