ပြည်ပရောက် မြန်မာတွေကို အစိုးရ က ပြန်ခေါ်

President of Burma, U Thein Sein ဓာတ်ပုံ မူပိုင် Kyay Mon
Image caption အဖွဲ့ အစည်း အသီးသီးက ကိုယ်စားလှယ် တွေကို ဖိတ်ခေါ် တွေ့ဆုံ

ပြည်ပရောက် မြန်မာတွေ ပြစ်မှု ကျူးလွန် သွားတာမျိုး မရှိရင် နိုင်ငံ ကို ပြန်လာ နိုင်ကြောင်း မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က ပြောကြား လိုက် ပါတယ်။

ပြစ်မှု ကျူးလွန်ထားခဲ့ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ် ကျခံ ဖို့ နိုင်ငံ ကို ပြန်လာမယ် ဆိုရင် လည်း သက်သက်ညှာညှာ စဉ်းစား ပေးသွားမယ် လို့ သူ က ဆို ပါတယ်။

စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ လူမှုရေး အဖွဲ့ အစည်း ကိုယ်စားလှယ် တွေကို အင်္ဂါနေ့ က နေပြည်တော် ကို ခေါ်ယူ ပြီး နိုင်ငံ စီးပွားရေး တိုးတက်အောင် အစိုးရ ပိုင်း က လောလောဆယ် လုပ်ဆောင် နေတဲ့ အကြောင်း ရှင်းပြ တဲ့ ပွဲ မှာ သူ က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို အဖွဲ့ အစည်း ပေါင်း ၄၀ လောက် က ကိုယ်စားလှယ် ၄၀၀ တက်ရောက် ခဲ့ကြ ပြီး သမ္မတ ရဲ့ ပြောကြားချက် က နိုင်ငံ တိုးတက်ရေး အတွက် အားလုံး ပါဝင် ဆောင်ရွက် ကြဖို့ ဖိတ်ခေါ် တာလို့ မြင်ကြောင်း ဒီ တွေ့ဆုံပွဲ ကို တက်ရောက် လာသူတွေ က ပြောပါတယ်။

လက်ရှိ အစိုးရက ပင်စင်စား တွေကို လခတွေ တိုးပေးတဲ့ ကိစ္စ၊ပြည်ပ ပို့ကုန် အခွန် တွေ လျှော့ပေးတဲ့ ကိစ္စ၊ စီးပွားရေး သမားတွေ ညှိနှိုင်းပြီး ဆင်းရဲ မွဲတေမှု ပပျောက် ရေး ကိစ္စ စတဲ့ စီးပွားရေး အရ လုပ်သင့် လုပ်ထိုက် တာတွေကို လုပ်ဆောင် ပေးနေတဲ့ အကြောင်း တွေ ကို အဓိက ထားပြော ခဲ့ပြီး တဲ့ နောက် ပြည်ပ မှာ ရောက်နေကြ တဲ့ မြန်မာပြည်သား တွေ ကို သမ္မတ ကအခုလို ဖိတ်ခေါ် လိုက်တာ ပါ။

ဒါပေမယ့် သမ္မတရဲ့ ပြောကြားချက်ထဲမှာ ပါတဲ့ အပြစ် ကျူးလွန်သူ ဆိုတာက နိုင်ငံရေး လှုပ်ရှားမှု တွေ ကို လှုပ်ရှားခဲ့ကြသူ တွေ ကို ဆိုလို တာလား၊ တခြား ရာဇဝတ် မှု ကျုးလွန်ခဲ့သူတွေ ကို ဆိုလို တာ လား ဆိုတာ ကိုတော့ ရှင်းရှင်း လင်းလင်း ပြောမသွား ပါဘူး။

သမ္မတ နဲ့ တွေ့ဆုံပွဲကို ဖိတ်ကြား ခံရသူတွေ ထဲမှာ အစိုးရ ရဲ့ ကန့်သတ်မှုတွေ ပြုလုပ်ခံ ခဲ့ရဖူးတဲ့ နာရေး ကူညီမှု အသင်း လို ပရဟိတ လူမှုရေး အသင်း အဖွဲ့မျိုး လည်း ပါဝင် ပါတယ်။

အခုလို ဖိတ်ကြားမှုဟာ အစိုးရ က ကောင်းကျိုးကို ရှေးရှု လုပ်ဆောင်တာလို့ နာရေး ကူညီမှု အသင်း အတွင်း ရေးမှူး ဒေါ်သန်းမြင့်အောင်က ယူဆကြောင်း ပြော ပါတယ်။

ဒါ့အပြင် အခု တွေ့ဆုံပွဲမှာ သမ္မတရဲ့ ပြောကြားချက် တွေ က အများ အကျိုး အတွက် လုပ်ဆောင်နေကြတဲ့ သူတို့လို လူမှုရေး အသင်း အဖွဲ့ တွေ ကို အစိုးရ က အကူ အညီ ပေးမယ့် သဘော၊ လိုလားတဲ့ သဘော ဖြစ်တယ် လို့ လည်း သူက မြင် ပါတယ်။

ပြည်တွင်းက စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ သမ္မတ ဦးသိန်းစိန် အနေနဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး မှာ အားလုံး ပါဝင် ပူးပေါင်း ဆောင်ရွက် ကြဖို့ ရိုးရိုး သားသား ပွင့်ပွင့် လင်းလင်း လက်ကမ်း ကြိုဆိုတာလို့ သူ ထင်မြင်ကြောင်း ပြောပါတယ်။