မြန်မာရောက် အမေရိကန်အဖွဲ့ ပါတီတွေ နဲ့ တွေ့ဆုံ

  • 17 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန်အဖွဲ့ဟာ NLD အပြင် တခြား နိုင်ငံရေး ပါတီ ၈ ခုနဲ့လည်း တွေ့ဆုံခဲ့

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မီတီ ဥက္ကဌ ဂျွန်ကယ်ရီ ရဲ့ လက်ထောက် မြန်မာနိုင်ငံမှာ ရောက်ရှိ နေပြီး သူဟာ NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အပြင် တခြား နိုင်ငံရေး ပါတီတွေ နဲ့ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံ ခဲ့ပါ တယ်။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေ နဲ့ NLD ရုံးချုပ် မှာ တွေ့ဆုံတဲ့ အခါမှာ NLD ဆက်လက် ရပ်တည်နေပုံ အခြေအနေ နဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ပဲခူး ခရီးစဉ် အကြောင်း ကို မေးတယ် လို့ NLD ဗဟို အလုပ် အမှု ဆောင် ဦးအုန်းကြိုင်က ဘီဘီစီ ကို ပြောပါတယ်။

အဖွဲ့ချုပ် အနေ နဲ့ ကတော့ ပါတီ ဆက်လက် ရပ်တည်နေကာ နိုင်ငံရေး လုပ်ငန်းတွေ နဲ့ လူမှုရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေကြောင်း အမေရိကန် အဖွဲ့ကို ရှင်းပြ ခဲ့တယ်လို့ ဦးအုန်းကြိုင် က ပြောပါတယ်။

အမေရိကန် အဖွဲ့ က ဒေါ်အောင်ဆန်း စုကြည် ပဲခူးခရီးစဉ် အတွင်း အာဏာပိုင်တွေ က လုံခြုံရေးအတွက် ကူညီခဲ့တာ ကို ကြိုဆို ကြောင်းလည်း ပြောတယ် လို့ သူ က ဆို ပါတယ်။

ဒါ့အပြင် အမေရိကန်အဖွဲ့ဟာ တိုင်းရင်းသား အပါအဝင် တခြား နိုင်ငံရေးပါတီ ၈ ခုနဲ့ တွေ့ဆုံ ရာမှာတော့ လူမျိုးစု တိုင်းရင်းသား ပါတီတွေရဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေး အပေါ် နဲ့ လွှတ်တော် ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်သလဲ ဆိုတဲ့ အချက် အပါအဝင်၊ သမ္မတ က ပေးထားတဲ့ ကတိ တွေ အပေါ် ယုံကြည်မှု ရှိမရှိ ဆိုတာကို လည်း မေးသွား တဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု မှ ဦးခင်မောင်ဆွေ က ရှင်းပြ ပါတယ်။

သူတို့ အနေနဲ့ မြန်မာ့ နိုင်ငံရေးဟာ တကယ် ပဲ အကောင်းဘက်ကို ရွေ့နေပြီလား၊ တန့်နေ လား ဒါမှမဟုတ် နောက်ပြန်ဆုတ်နေလား ဆိုတာကို ချိန်ဆ နေတဲ့ပုံ ပေါ်တယ် လို့ ဦးခင်မောင်ဆွေ က ဆက် ပြောပြ ပါတယ်။