ဝင်ငွေခွန် လျှော့တဲ့အပေါ် အထည်ချုပ်လုပ်ငန်းရှင် ကြိုဆို

  • 18 ဩဂုတ် 2011
Burma Currency ဓာတ်ပုံ မူပိုင် AP
Image caption ကျပ်ငွေ တန်ဖို့ မြင့်တက် လာတာ ကြောင့် နိုင်ငံခြား ငွေနဲ့ ရသူတွေ ထိခိုက်

မြန်မာ အစိုးရက နိုင်ငံခြား ငွေနဲ့ အခွန် ဆောင်သူ တွေကို ဝင်ငွေခွန် ၁၀ ရာနှုန်း ကောက်ခံ ရာကနေ ၂ ရာနှုန်း အထိ လျှော့ချ ပေးလိုက်တဲ့ အတွက် ငွေကြေး အရသာ မကဘဲ နိုင်ငံ တကာနဲ့ ယှဉ်ရာမှာ စိတ်ပိုင်း ဆိုင်ရာ အရပါ အကျိုး ရှိလိမ့် မယ်လို့ မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင် များ အသင်း ဥက္ကဌ ဦးမြင့်စိုး က ဘီဘီစီ ကို ပြော ပါတယ်။

မြန်မာအစိုးရက နိုင်ငံခြား ဝင်ငွေနဲ့ လစာရရှိတဲ့ ပြည်တွင်းပြည်ပက မြန်မာတွေနဲ့ လက်ခစား (CMP) စံနစ်နဲ့ လည်ပတ်တဲ့ လုပ်ငန်းတွေ အတွက် ဝင်ငွေခွန်ကို မူလ သတ်မှတ် ထားတဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂ ရာနှုန်းအထိ ခြောက်လ ကာလ အတွက် ပြောင်းလဲ လျှော့ချ သတ်မှတ် ပေးလိုက်ကြောင်း ကြာသ ပတေးနေ့က ထုတ်ပြန် ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာ အမေရိကန် ဒေါ်လာစျေးကျပြီး မြန်မာငွေစျေး တက်နေတဲ့အတွက် အထည်ချုပ်လုပ်ငန်းနဲ့ ၊ နိုင်ငံခြားငွေနဲ့ လစာရနေသူတွေမှာ အဓိက ထိခိုက်နစ်နာမှု တွေ ဖြစ်နေတာပါ။

ဦးမြင့်စိုးက စက်ရုံအလုပ်သမားတွေ အတွက် အရေးအကြီးဆုံး ဖြစ်တဲ့ အလုပ်အကိုင်တည်ငြိမ်မှုကတော့ ရှိနေပြီးသား ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အစိုးရ အနေနဲ့ သတ်မှတ်ကာလ ၆ လပြည့် တဲ့အခါမှာလည်း အခွန်နှုန်း လျှော့ချမှုတွေကို ဆက်ပြီး ဆောင်ရွက်ပေး လိမ့်မယ်လို့ သူတို့က မျှော်လင့် နေကြ ပါတယ်။