ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ကေအန်ယူ တုံ့ပြန်

  • 18 ဩဂုတ် 2011

မြန်မာအစိုးရ သစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ဖို့ ပထမဆုံး အမိန့် ကြေငြာစာ ထုတ်ပြန် ကမ်းလှမ်းလိုက်ပါတယ်။

Image caption KNU အဖွဲ့ဟာ တိုင်းရင်းသား အခွင့် အရေး အတွက် နှစ်ပေါင်း များစွာ တိုက်ပွဲဝင် နေခဲ့

သြဂုတ်လ ၁၈ ရက် ကြာသပတေးနေ့က ပြည်တွင်း ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်ပြန်ခဲ့တဲ့ အမိန့် ကြေငြာစာ ထဲမှာ ငြိမ်းချမ်းရေး လုပ်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို တစ်ဖွဲ့ချင်းစီ အရင်ဆုံး ဆက်သွယ် ရမယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီ ကမ်းလှမ်းချက်ဟာ အရင် စစ်အစိုးရ ခေတ်က မူဝါဒ အတိုင်း တိုင်းရင်းသား အဖွဲ့တွေကို တစ်ဖွဲ့ချင်းစီ ခွဲပြီး ဆွေးနွေး ခိုင်းတာ ဖြစ်တယ်၊ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို ဦးတည်နိုင်မှာ မဟုတ်ဘူးလို့ ကေအန်ယူ ကရင် အမျိုးသား အစည်း အရုံး ရဲ့ဒုတိယ ဥက္ကဌ စောဒေးဗစ် သာကပေါက ပြော ပါတယ်။

တိုင်းရင်းသား မဟာမိတ်တွေ စုပေါင်းပြီး သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့နဲ့ တိုက်ရိုက် ဆွေးနွေး မှုတွေ ပြုနိုင်မှသာ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင် နိုင်မယ်လို့ လည်း သူက ထောက်ပြပါတယ်။

တိုင်းရင်းသား အဖွဲ အစည်းတွေ ကြားမှာ ပင်လုံ သဘော တူညီချက်ကို အခြေခံ ထားပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ပေါ်ရေး စတဲ့ တူညီတဲ့ အခြေခံ ရည်မှန်းချက်တွေ ရှိနေပြီးသား ဖြစ်တာမို့ တစ်ဖွဲ့ချင်းစီ သီးခြား ခွဲပြီး တွေ့ဆုံ ဆွေးနွေးဖို့ မလိုအပ်ဘူးလို့လည်း ကေအန်ယူ ဒုတိယ ဥက္ကဌ စောဒေးဗစ် သာကပေါက အခိုင်အမာ ပြောပါတယ်။