မြန်မာ ဒုက္ခသည်တွေ ရောက်လာမှာကို ထိုင်းကြိုတင် ပြင်ဆင်

  • 18 ဩဂုတ် 2011
Thai drill
Image caption မြန်မာ အလုပ်သမားတွေနဲ့ ထိုင်းရွာသား တွေက ဒုက္ခသည် နေရာက ဝင် သရုပ် ဆောင် ခဲ့ကြ

မြန်မာဘက်မှာ စစ်ဖြစ်ရင် ထိုင်းဘက်ကို ပြေးလာမယ့် မြန်မာ ဒုက္ခသည်တွေ နဲ့ နယ်စပ်က ထိုင်းလူထုကို ဘေးလွတ်ရာကို ရွှေ့ပြောင်း နေရာချထား ပေးတဲ့ လေ့ကျင့်မှု တခုကို မဲဆောက်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။

နယ်ခြားစောင့် တပ် ဖွဲ့စည်းတာကို လက်မခံတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေကို အစိုးရက မိုးတွင်းမှာတောင် တိုက်နေတာကြောင့် မြဝတီမှာ တိုက်ပွဲ ထပ်ဖြစ်လာမယ် ဆိုရင် စံနစ်တကျ အကူညီပေးနိုင်အောင် ခုလို ကြိုတင်ပြင်ဆင်တာဖြစ်တယ်လို့ ထိုင်းပြည်တွင်း လုံခြုံရေးဌာန တာ့ခ် ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ပတင်ယာ လီလာကျရိန်က ပြောပါတယ်။

အဲဒီလေ့ကျင့်မှုမှာ မြန်မာဘက်က ဝင်လာသူတွေဆီမှာ လက်နက်ပါမပါ စစ်ဆေးတာ၊ ကိုယ်ရေး ရာဇဝင်ယူတာ၊ ဘေးကင်းရာမှာ ဖွင့်ထားတဲ့ ဒုက္ခသည် စခန်းကို ပို့ပေးတာနဲ့ ဒဏ်ရာရသူတွေကိုကူညီတာ၊ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်တာတွေ ပါဝင်ပါတယ်။

အခုလိုလေ့ကျင့်မှုမျိုးကို ထိုင်းနိုင်ငံမှာ ပထမဆုံးလုပ်ခဲ့တာ ဖြစ်ပြီး မြန်မာဒုက္ခသည်တွေ နေရာမှာ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေနဲ့ ထိုင်းရွာသား တွေက သရုပ်ပြ ပါဝင် ကူညီခဲ့ကြပါတယ်။