သမ္မတဦးသိန်းစိန် ဒေါ်စုနဲ့ တွေ့ဆုံ

  • 19 ဩဂုတ် 2011

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်က သမ္မတအိမ်တော်မှာ ဒီကနေ့ တနာရီကြာ သီးသန့် တွေ့ဆုံခဲ့ပြီး နိုင်ငံ့ရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်နှစ်ဦး

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုမှာ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ကို မသိရသေးပါဘူး။ ဒါဟာ အစိုးရသစ်တက်ပြီး ငါးလကြာအတွင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။ တနာရီကြာ တွေ့ဆုံမှု အပြီးမှာတော့ အလွတ်သဘော ၁၅ မိနစ်ကြာ နှစ်ဘက်အဖွဲ့ဝင်တွေနဲ့အတူ တွေ့ဆုံခဲ့ ကြပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကတော့ ဒီကနေ့ တွေ့ဆုံမှုကို ကြိုဆိုပြီး အကောင်းဘက်က ရှုမြင် သုံးသပ်ပါတယ်။

တွေ့ဆုံမှုဟာ ထူးရုံတင်မဟုတ်ဘူး၊ နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ရှိလိမ့်မယ်။ ဒါပေမဲ့ ဟန်ပြတွေ့ဆုံမှု ဆိုရင်တော့ အကျိုးသက်ရောက်မှုက ဟန်ပြပဲ ဖြစ်နေလိမ့်မယ်၊ အခုတွေ့ဆုံမှုကတော့ အပြောင်းအလဲတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

အခုလိုတွေ့ဆုံပြီးနောက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ ပြည်တွင်းမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရဖို့တွေလည်း မုချဖြစ်ပေါ်လာမှာ ဖြစ်တယ်၊ အခုတွေ့ဆုံမှုဟာ အဲဒီတွေ ဖြစ်ပေါ်လာဖို့အတွက် အစပိုင်း ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မကြာခင်က အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ်တွေ့ဆုံခဲ့ကြပြီးနောက်မှာ အခုလို သမ္မတနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် စနေနေ့မှာတော့ နေပြည်တော်မှာပဲ ကျင်းပနေတဲ့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ခေတ္တ တက်ရောက်ပြီး ရန်ကုန်ပြန်မယ်လို့ သိရပါတယ်။