စီးပွားရေး ဆွေးနွေးပွဲ ပိုမိုပွင့်လင်း

  • 19 ဩဂုတ် 2011
Eco Forum ဓာတ်ပုံ မူပိုင် AP
Image caption စီးပွားရေး ပြဿနာ ဘယ်လို အဖြေရှာမလဲ

နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲမှာ ပိုပြီး ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုလာတယ်လို့ ကြံ့ခိုင်ရေး အမတ်နဲ့ ခရီးသွားလာရေး ဘုတ်အဖွဲ့ ဥက္ကဌ ဦးခင်ရွှေက ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ လုပ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲကို သမ္မတက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲရေး အတွက် ဘက်ပေါင်းစုံက အဖြေရှာပြီး အဂတိလိုက်စားမှု ကင်းစင်ဖို့ လိုတယ်လို့ အဖွင့် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

သမ္မတရဲ့ အကြံပေး ဒေါက်တာ ဦးမြင့် အပါအဝင် ပြည်ပက ပညာရှင်များ ဖြစ်ကြတဲ့ ဒေါက်တာ ဇော်ဦး၊ ဒေါက်တာ တင်မောင်မောင်သန်း၊ ဒေါက်တာ ကျော်ရင်လှိုင် တို့လည်း တက်ရောက်ကြပါတယ်။

ဒေါက်တာ ကျော်ရင်လှိုင်က အစိုးရက စီးပွားရေးကို လူမွေး ပါမစ်ပေး လုပ်နေတယ်ဆိုပြီး ထောက်ပြ ဝေဖန် သွားပါတယ်။

စက်မှု ၁ နဲ့ စက်မှု ၂ ဝန်ကြီး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး စိုးသိန်းကလည်း တိုင်းပြည်မှာ ကျန်းမာရေး စီးပွားရေး အခက်အခဲတွေရှိနေတာကို ဝန်ခံပြောဆိုသွားတယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပြပါတယ်။

သမ္မတရဲ့ အကြံပေး ဒေါက်တာ ဦးမြင့်က ဝန်ကြီး အဖွဲ့တွေ အချင်းချင်း အကြား ဆက်စပ်တဲ့ ကော်မရှင်တရပ် ထူထောင်ရေး အကြံပေး သွားတယ်လို့ လည်း ဆိုပါတယ်။