အဝေးရောက် အစိုးရ ရဲ့ တုန့်ပြန်ချက်

  • 20 ဩဂုတ် 2011
dr sein win ဓာတ်ပုံ မူပိုင် other
Image caption တွေ့ဆုံဆွေးနွေးမှု ရဲ့ အစ လို့ မဆိုနိုင်သေး

ဒေါ်အောင်ဆန်း စုကြည် နဲ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံပွဲ ဟာ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ အတွက် စတင်တဲ့ အဆင့် လို့ သူ မမြင်တဲ့ အကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်း အစိုးရ ကို ဦးဆောင်သူ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း က ဘီဘီစီ ကို ပြော ပါတယ်။

အရင် စစ် အစိုးရ ခေါင်းဆောင်များ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် စတဲ့ သူတွေ က ဒေါ်အောင်ဆန်း စုကြည် ကို တွေ့ဆုံ ခဲ့တာ တွေ အတိတ်မှာ ရှိခဲ့ပြီး တိုးတက်တဲ့ ပြောင်းလဲမှု တွေ မဖြစ်ခဲ့တာ၊ တကယ့် စစ်မှန်တဲ့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးမှု မဖြစ်ခဲ့တာ ကို သူ က ထောက်ပြပြီး အခု ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံပွဲ ဟာ စစ်မှန် တဲ့ တွေ့ဆုံ ဆွေးနွေး ပွဲ အဆင့် ကို မမျှော်မှန်း နိုင်သေးကြောင်း သူ က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ရပ်ဆိုင်း တာ၊ တရားဥပဒေ အတိုင်း စိုးမိုး အုပ်ချုပ်မှု ဖြစ်အောင်လုပ်ဆောင် တာ စတဲ့ အခြေ အနေ တွေ ဖြစ်လာမှ တကယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှု တွေ က ဖြစ်လာမှာ လို့ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း က ဘီဘီစီ ကို ပြော ပါတယ်။