အပစ် အခတ်ရပ်ဖို့ တစုတစည်းထဲ ဆွေးနွေးဖို့ တောင်းဆို

  • 20 ဩဂုတ် 2011
မွန်ပြည်သစ် တပ်မတော်
Image caption မွန်ပြည်သစ် တပ်မတော်

မြန်မာအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ အပေါ် တိုင်းရင်းသား အားလုံးကိုယ်စားပြုတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေး နည်းအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ အဲဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရဘက်က လက်နက်ကိုင်အဖွဲ့တွေ တဖွဲ့ချင်းအလိုက် ပဏာမ အဆင့်သက်ဆိုင်ရာ ပြည်နယ်တိုင်း ဒေသကြီးတွေကို ဆက်သွယ်ကြဖို့ ပြောထားတဲ့အတွက် ဘာကြောင့် အဖွဲ့လိုက် တွေ့ချင်တာလည်းလို့ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ဘီဘီစီက မေးကြည့်ပါတယ်။

ယခင်အတွေ့ကြုံတွေအရ အင်အားကြီးတဲ့ အဖွဲ့တွေကို တခုချင်းဆွေးနွေးပြီး ကျန်နေတဲ့ ရှမ်းတို့ရခိုင်တို့ကို အကြပ်ကိုင်တာမျိုးတိုက်ခိုက်တာမျိုးရှိဘူးကြောင်း ဒါကြောင့် စေတနာမှန်ရင် နိုင်ငံရေးအရ ဆွေးနွေးဖို့ ယာယီအပစ်ရပ် တပြည်လုံး အတိုင်းအတာနဲ့ ကြေညာပြီး လက်နက်ကိုင် အဖွဲ့တွေကို ကိုယ်စားပြုတဲ့ UNFC နဲ့ဆွေးနွေးဖို့လိုတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

အခုလို အခြေခံအချက် ကွဲလွဲနေတဲ့ အပေါ် တိုင်းရင်းသား ငါးပါတီနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့က ကြားခံအဖြစ် ပါဝင် ဆောင်ရွက်ပေးရင် လမ်းစရနိုင်တယ်လို့ ယူဆကြောင်းလည်း နိုင်ဟံသာက ပြောကြားသွားပါတယ်။