နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆို

  • 21 ဩဂုတ် 2011
Image caption ၈၈မျိုးဆက်ကျောင်းသားတွေ အဖမ်းခံခဲ့ရတာ ဒီကနေ့ဆို ၄ နှစ်ပြည့်ပြီ ဖြစ်ပါတယ်

၂၀၀၇ ခုနှစ်က ဖမ်းဆီးခံခဲ့ရတဲ့ ၈၈မျိုးဆက် ကျောင်းသားများရဲ့ မိသားစု တွေနဲ့ အပြင်မှာလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အဲဒီတုံးက လောင်စာဆီစျေးနှုန်း ကျဆင်းရေး အတွက် လမ်းလျှောက်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့တဲ့ အတွက် ၈၈မျိုးဆက်ကျောင်းသားတွေ အဖမ်းခံ ခဲ့ရတာ ဖြစ်ပြီး ဒီကနေ့ဆိုရင် အဖမ်းခံခဲ့ရတာ ၄ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ မိသားစုတွေနဲ့ ၈၈ကျောင်းသားတွေဟာ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျအိမ်မှာ တွေ့ဆုံ ဆွေးနွေးပြီး အခုလို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ကျောင်းသူ မနုနုက ဘီဘီစီကိုပြောပါတယ်။

တွေ့ဆုံပွဲမှာ အကျဉ်းသားမိသားစုတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့မှုအပေါ် ကြိုဆိုထောက်ခံ ခဲ့ကြတယ်လို့လည်း မနုနုက ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အင်းစိန်ထောင်ကို သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို တွေ့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် အကျဉ်းသားအများစုဟာ နယ်ထောင်တွေမှာ ရှိနေကြ တာ ဖြစ်တဲ့အတွက် တွေ့ဖြစ်ဖို့ဆိုတာ မသေချာဘူးလို့လည်း အကျဉ်းသား မိသားစုတွေက ပြောပါတယ်။

လန်ဒန်မြို့မှာလည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် ၈၈မျိုးဆက်သစ် ကျောင်းသားများအဖွဲ့က ဦးစီးပြီး မြန်မာသံရုံးရှေ့မှာ ၂၄ နာရီ ကြာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

ဒီအစာငတ်ခံ ဆန္ဒပြပွဲမှာ နိုင်ငံခြားသား ၂ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။