အစိုးရ စစ်ယာဉ်တန်းကို ဒီကေဘီအေ တိုက်ခိုက်

ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေ ဗိုလ်ကြီးသရီးတူးက သူတို့ တိုက်တာ ဖြစ်ကြောင်း အတည်ပြုပြောပါတယ်

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို ရွာမှာ မနေ့ကပြုလုပ်တဲ့ BGF နယ်ခြား စောင့်တပ်၊ တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို တက်ပြီးပြန်လာတဲ့၊ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ယာဉ်တန်းကို ဒီကေဘီအေခွဲထွက် အဖွဲ့က တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အစိုးရစစ်တပ်က ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် တပ်တွေအပါအဝင်၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုံး၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း စတဲ့ အရာရှိကြီးတွေ လိုက်ပါလာတဲ့ စစ်ယာဉ်တန်းကို မနေ့ မွန်းလွဲပိုင်းအချိန် သဃ်န်းညီနောင် အောက်ဘက် နားမှာ ဒီကေဘီအေ ခွဲထွက် အဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ထိုင်းနယ်စပ် လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

အဲဒီအစိုးရစစ်တပ်က ဗိုလ်ချုပ်တွေဟာ BGF နယ်ခြားစောင့်တပ်၊ အမှတ် ၃ တပ်နယ် အခြေစိုက် ရွှေကုက္ကိုရွာမှာ ကျင်းပတဲ့ ဒီကေဘီအေ ကနေ BGF နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းတဲ့ တနှစ်ပြည့် အခန်းအနားကို တက်ပြီး အပြန်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အဲဒီယာဉ်တန်းကို သူတို့ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ ဒီကေဘီအေ ဘက်က ဗိုလ်ကြီး သရီးတူးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ အစိုးရဘက်က ဗိုလ်မှူးတယောက်အပါအဝင် ၃ ဦး ကျသွားပြီး၊ ၂ ဦး ဒဏ်ရာရသွားတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

ဒီကေဘီအေ ခွဲထွက်အဖွဲ့ဟာ သူတို့ကို တိုက်ခိုက်ရှင်းလင်းဖို့ ပြင်ဆင်နေတဲ့ မြန်မာစစ်တပ်နဲ့ BGF နယ်ခြားစောင့်တပ်တွေကို သူတို့က အရင်လက်ဦးမှု ယူပြီး လိုက်တိုက်သွားမယ်လို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း အစိုးရ စစ်ဗိုလ်ချုပ်တွေနဲ့ BGF နယ်ခြားစောင့် အမှတ် ၃ တပ်က အရာရှိကြီးတွေဟာ ကော့ကရိတ်မြို့မှာ တွေ့ဆုံပြီးတော့ ဒီကေဘီအေ ခွဲထွက် အဖွဲ့တွေကို တိုက်ခိုက်ရှင်းလင်းဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဒါဟာ ပထမဆုံး ဒီကေဘီအေခွဲထွက်အဖွဲ့က အစိုးရစစ်ဗိုလ်ချုပ်တွေပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။