စီးပွားရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲ ပြီးဆုံး

  • 21 ဩဂုတ် 2011
Economic Forum ဓာတ်ပုံ မူပိုင် ap
Image caption စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်း စုကြည် လည်း တက်ရောက်ခဲ့

မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာဖို့ အတွက် ဘယ်လို ပြုပြင် ပြောင်းလဲ မှုတွေ လုပ်သင့် တယ် ဆိုတာ နဲ့ ပတ်သက် တဲ့ နိုင်ငံတော် အဆင့် သုံးရက် ကြာ အလုပ် ရုံ ဆွေးနွေးပွဲ တခုကို နေပြည်တော် မှာ တနင်္ဂနွေ နေ့က ကျင်းပ ပြီးစီး သွားခဲ့ ပါတယ်။

အစည်းဝေး ပထမ နှစ်ရက်မှာ စာတမ်း တွေကို အသီးသီး ဖတ်ကြား ခဲ့ကြပြီး၊ နောက်ဆုံးနေ့ မှာတော့ အဲဒီစာတမ်း တွေထဲက အဓိက ကျတဲ့ အချက် တွေကို ပြန်လည် စုစည်းပြီး ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြတယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ မင်္ဂလာ မြန်မာ NGO အဖွဲ့က ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။

အဲဒီအလုပ်ရုံ ဆွေးနွေး ပွဲမှာ စီးပွားရေးနဲ့ ပတ်သက်လို့ ပြုပြင်ဖို့ လိုတဲ့ အချက် အတော် များများ ပေါ်ထွက်လာခဲ့ပြီး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခွန်ငွေ ကောက်ခံမှု၊ ဘဏ်လုပ်ငန်းစံနစ် ပြုပြင် ပြောင်းလဲရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ သူကဆိုပါတယ်။

ဒီဆွေးနွေးပွဲရဲ့ ရလာဒ်တွေကို သမ္မတဆီ တင်ပြမှာ ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ထဲမှာ ဆွေးနွေး ပြီးတဲ့အခါ Action Plan လို့ခေါ်တဲ့ ဆက်လက် ဆောင်ရွက် ကြမယ့် အစီအစဉ်တွေကို ချမှတ်မှာဖြစ်တယ်လို့ ဒေါက်တာ ဖုန်းဝင်းက ရှင်းပြ ပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ထဲမှာ လူတိုင်း ပါဝင် နိုင်အောင်ဆောင်ရွက် ပေးမယ့်အပြင် လူငယ်တွေကို အတတ်ပညာတွေ သင်ပေးဖို့ စီစဉ်မယ် လို့လည်း အာဏာပိုင် တွေဖက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။