နိုင်ငံရေး အကျဉ်းသားတွေ လွတ်ရေး အဆိုတင်ဖို့ ကြိုးစား

  • 23 ဩဂုတ် 2011
Image caption ရွေးကောက်ပွဲ ကာလအတွင်း ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လိုက်လံ စည်းရုံးနေပုံ

နိုင်ငံကို အကျိုးပြုတဲ့ အကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့် ရရေး အဆို တစ်ခု ကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တခြားနိုင်ငံရေး ပါတီတွေကို လိုက်လံ စည်းရုံး နေပါတယ်။

အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောထားတဲ့အတွက် အဲဒီ အဆိုထဲမှာ နိုင်ငံကို ချစ်တဲ့၊ နိုင်ငံကို ကောင်းရာကောင်းကျိုး ပြုမဲ့ ပညာရှင် အကျဉ်းသားတွေလို့ သုံးနှုန်း ထားပြီး အဲဒီလူတွေ ပြန်လွတ်လာရေးအတွက် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက နိုင်ငံတော်သမ္မတနဲ့ လုံခြုံရေး ကောင်စီကို တိုက်တွန်းမယ်လို့ သိရပါတယ်။

ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ဆိုလိုတာ ဟုတ်မဟုတ် အသေအချာ မသိဘူးလို့ နိုင်ငံရေး ပါတီ တခုရဲ့ အမည်မဖေါ်လိုသူ ပြည်သူ့ လွှတ်တော် တစ်ဦးက ပြောပါတယ်။

ဒီအဆိုကို ထောက်ခံပေးဖို့ တခြားနိုင်ငံရေး ပါတီတွေကို ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက လိုက်လံ စည်းရုံးနေရာမှာ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကိုလည်း လာရောက် စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ဒီအဆိုဟာ တိုင်းပြည် ကောင်းကျိုးအတွက် တင်ပြတဲ့ အဆို ဖြစ်တာကြောင့် NDF ပါတီအနေနဲ့ ထောက်ခံ ပေးဖို့ အသင့်ရှိတယ်လို့ NDF ပါတီရဲ့ လွှတ်တော် တာဝန်ခံ ဦးစိုးဝင်းက ဘီဘီစီကို ပြောပါတယ်။