လူ့အခွင့်အရေးရှေ့နေ လိုင်စင်ရုတ်ခံရ

  • 24 ဩဂုတ် 2011

လယ်သိမ်းခံရတဲ့ လယ်သမားအရေးတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို လိုက်ပါဆောင်ရွက်ပေးတဲ့ အထက်တန်းရှေ့နေ ဦးတင်အောင်ထွန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆုံးအဖြတ်အရ ရှေ့နေအဖြစ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် no credit
Image caption လယ်သိမ်းခံတောင်သူတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးခဲ့သူဟာ လိုင်စင်ရုတ်သိမ်းခံရ

မကွေးတိုင်း၊ မင်းဘူးမြို့က အထက်တန်းရှေ့နေ ဦးတင်အောင်ထွန်းဟာ အမှုလိုက်ရာမှာ ကောင်းသတင်းမရှိဘဲ ရှေ့နေသိက္ခာနဲ့အညီ အမှုလိုက်သူ မဟုတ်တာကို စစ်ဆေးတွေ့ရှိတယ် ဆိုပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေး အဆုံးအဖြတ်အရ ရှေ့နေလိုက်သူများ ဥပဒေပုဒ်မ ၁၃(စ)နဲ့ ညှိစွန်းတယ် ဆိုပြီး ညွန်ကြားရေးမှူး လက်မှတ်နဲ့ အထက်တန်းရှေ့နေ အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ ရတာ ဖြစ်ပါတယ်။

ဦးတင်အောင်ထွန်းဟာ မကွေးတိုင်းအတွင်းက လယ်သိမ်းခံရတဲ့ လယ်သမားအရေးတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို လိုက်ပါဆောင်ရွက် ပေးရာမှာ အောင်မြင်တဲ့ ရှေ့နေတဦးဖြစ်ပါတယ်။

ဦးတင်အောင်ထွန်း ခုလို ရှေ့နေအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ကိစ္စကို ရှေ့နေအသိုင်းအဝိုင်းနဲ့ သူရဲ့အမှုသည်တွေက မယုံနိုင်လောက်အောင် ဖြစ်နေသလို ရှေ့နေဦးတင်အောင်ထွန်း ကိုယ်တိုင်ကလည်း သူ့ကိုတစုံတရာ စစ်ဆေးမေးမြန်တာ မရှိဘဲ ဒီလို လုပ်လိုက်တာအပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

``ဘယ်လို စစ်ဆေးတွေ့ရှိတာလဲ ဆိုတာတော့ ကျနော်လည်း နားမလည်နိုင်ဘူးပေါ့။ အထက်တန်းရှေ့နေ အဆင့်မှ အလုပ်ထုတ်လိုက်သည် ဆိုပြီးတော့ ဖြုတ်လိုက်တာပဲ။ အပြင်ကနေပဲ ကိုယ်နားလည် တတ်ကျွမ်းတာနဲ့ ကူညီပေးနိုင်တဲ့ ကိစ္စတွေကို လိုက်ပြီးဆောင်ရွက်ပေးတာပဲ ရှိမှာပဲ။ တရားခွင်ထဲကိုတော့ လိုက်ပါဆောင်ရွက်လို့တော့ မရတော့ဘူးပေါ့`` လို့ သူက ပြောပါတယ်။

ဦးတင်အောင်ထွန်းဟာ အန်အယ်လ်ဒီ ဥပေဒေအထောက်အကူပြုအဖွဲ့က ဖွဲ့စည်းလိုက်တဲ့ ရှေ့နေများကွန်ယက်မှာလည်း ပါဝင်လှုပ်ရှားနေပြီတော့ မကွေးတိုင်း ကမ္မမြို့နယ်က စစ္စရံရွာသားတွေရဲ့ လယ်မြေတွေကို ဦးပိုင်လီမီတက်က အဓမ္မသိမ်းတဲ့ အမှုမှာလည်း လယ်သိမ်းခံ တောင်သူတွေဘက်က လိုက်ပါဆောင်ရွက် ပေးခဲ့သူဖြစ်ပါတယ်။

ရန်ကုန်မြို့က ဥပဒေအတိုင်ပင်ခံရှေ့နေကြီး ဦးအောင်သိန်းကတော့ ဒီကိစ္စဟာ ရှေ့နေအခွင့်အရေးသာမက လူ့အခွင့်အရေးပါ ချိုးဖေါက်ခံရတာဖြစ်တဲ့ အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအမှုတွေနဲ့ ပတ်သက်လို့ ရှေ့နေလိုင်စင် အသိမ်းခံရတဲ့ ဗဟိုတရားရုံးချုပ်ရှေ့နေ အယောက် ၂၀ကျော် ရှိနေပြီး ဒီလိုအသိမ်းခံရသူတွေရဲ့ လိုင်စင်ပြန်ရဖို့ ရှေ့နေကွန်ယက်ကနေ တရားလွှတ်တော် နဲ့ ရှေ့နေများကောင်စီထိ တင်ပြတောင်းခံသွားမယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။