လွှတ်တော် အမတ်တွေနဲ့ ကင်တားနား တွေ့ဆုံ

  • 23 ဩဂုတ် 2011

မြန်မာ နိုင်ငံကို ငါးရက် ခရီးစဉ် အဖြစ် ရောက်နေတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားက လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ အစိုးရ အရာရှိကြီး တွေအပြင် နိုင်ငံရေး ပါတီ အသီးသီးက လွှတ်တော် ကိုယ်စားလှယ် တွေကို အင်္ဂါနေ့ မနက်က တွေ့ဆုံခဲ့ ပါတယ်။

Image caption ရွေးကောက်ပွဲ မတိုင်မီ ခရီးစဉ် တုန်းက NLD နဲ့ တွေ့ခဲ့

တိုင်းရင်းသား ပါတီတွေ အများစု အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ စတဲ့ ပါတီပေါင်း ၁၇ ပါတီက လွှတ်တော် ကိုယ်စားလှယ် ၁၉ ယောက်နဲ့ မစ္စတာ ကင်တားနား တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံမှုမှာ လူ့ အခွင့် အရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ လွှတ်တော်မှာ တင်ပြ ဆွေးနွေးဖို့ ဘာတွေ ပြင်ဆင် ထားသလဲ ဆိုတာ မစ္စတာ ကင်တားနားက မေးမြန်း ခဲ့တယ်လို့ ဆွေးနွေး ရာမှာ ကိုယ်တိုင် ပါဝင်ခဲ့သူ တစ်ယောက် ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦစိုင်းဆောင်ဆီက ပြောပါတယ်။

သူ့ အနေနဲ့ တိုင်းရင်းသား ပြည်နယ် တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး ကြရတဲ့ ဒုက္ခသည်တွေ နယ်စပ်ဆီ ထွက်မပြေးကြရဘဲ ကိုယ့်နိုင်ငံ တွင်းမှာတင် ခိုလှုံ နေနိုင်အောင် ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်နိုင်ရေး ကိစ္စနဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေ ရွေးကောက်ရေး ကိစ္စတို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ လည်း ဦးစိုင်းဆောင်စီက ပြောပါတယ်။

ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ရွေးချယ်ရေးကိစ္စဟာ လူ့ အခွင့် အရေး ဘက်ကသာ မက ဘယ်လို ရှုထောင့် ကပဲ ကြည့်ကြည့် ပြည်သူလူထုရဲ အခွင့် အရေး ဖြစ်တယ် ပြည်သူတွေ ကျေကျေ နပ်နပ် ရွေးချယ်ထားသူတွေကသာ သူတို့ကို အုပ်ချုပ်ခွင့် ရသင့်တယ်လို့ လည်း သူက ဆိုပါတယ်။

ရွေးချယ်ပုံ

လွှတ်တော်ကနေ အတည်ပြုဖို့ ရှိသေးပြီး လက်ရှိ ချပြထားတဲ့ ဥပဒေ မူကြမ်း အရ ဆိုရင် ဆယ်အိမ်မှာ တစ်ယောက် နှုန်း ရွေးချယ်ရာက တက်လာတဲ့ ဆယ်အိမ်မှူး တွေရှိလာကြမယ်၊ အဲဒီ ဆယ်အိမ်မှူးတွေထဲမှာ ဘယ်သူက ရပ်ရွာ အုပ်ချုပ်ရေးမှူး ဖြစ်သင့်တာကိုဆယ်အိမ်မှူးတွေကပဲ ပြန်လည် ရွေးချယ်ကြမယ် ဆိုတဲ့ ကိစ္စဟာ အများ ဆန္ဒကို မဲနဲ့ ရွေးမှာဖြစ်လို့ လူထု အတွက် သင့်တော်တယ်လို့ ဦးစိုင်းဆောင်စီက ယူဆ ပါတယ်။

အင်္ဂါနေ့က မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့ကြတဲ့ ပါတီ တွေထဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ တစုံတရာ ဝင်ရောက် ဆွေးနွေးတာ မရှိခဲ့ဘဲ နားထောင်ရုံသက်သက်ပဲလို့ သိရပါတယ်။

ကျန်တဲ့ ပါတီ အသီးသီး ကတော့ သူတို့ နယ်မြေ အရေး ကိစ္စ တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဦးစိုင်းဆောင်စီက ပြောပါတယ်။

မစ္စတာ ကင်တားနား က အခု ဆွေးနွေး ခဲ့တာ တွေကို မှတ်တမ်း တင်ထားပြီး အောက်တိုဘာ လမှာ ပြုလုပ်မယ့် လူ့ အခွင့် အရေး ဆိုင်ရာ ညီလာခံမှာ တင်ပြ သွားမယ်လို့ ပြောခဲ့ ကြောင်းလည်း သူက ပြောပါတယ်။

ဗုဒ္ဒဟူး နေ့မှာတော့ မစ္စတာ ကင်တားနားဟာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ နေ့လည်ပိုင်းမှာ တွေ့ဆုံမှာ ဖြစ် ပါတယ်။