ငြိမ်းချမ်းရေးတံခါး ဖွင့်ထားကြောင်း သမ္မတသစ် ပြော

  • 23 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတသစ် ဦးသိန်းစိန် လွှတ်တော်ဖွင့် မိန့်ခွန်းပြော

မြန်မာ အစိုးရဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူလက်တွဲ အလုပ်လုပ်ဖို့ အဆင်သင့် ပါဘဲလို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်မှာ မိန့်ခွန်းပြောရာမှာ ထည့်သွင်း ဆိုသွားခဲ့ ပါတယ်။

ကျွန်တော်တို့ဟာ ကမ္ဘာမိသားစု အသိုင်းအဝိုင်းကြီးထဲမှာ တာဝန်သိ အဖွဲ့ဝင် တယောက် အနေနဲ့ ဒေသတွင်း အဖွဲ့တွေနဲ့ရော နိုင်ငံတကာ နဲ့ပါ အတူလက်တွဲ ရပ်တည်ဖို့ ကြိုးစား နေပါတယ်လို့ ဦးသိန်းစိန်က မနေ့က တနင်္လာနေ့တုန်းက ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ရေးသား ထားပါတယ်။

မြန်မာအစိုးရသစ်ဟာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ လူမျိုးစု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိုလည်း တောင်းဆိုနေပြီး တနှစ်ကြာ ပြည်ဝင်ခွင့်ရဖို့ စောင့်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမတ် အိုဟေး ကင်တားနားကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မြန်မာပြည်ထဲ လာရောက်ခွင့် ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အေပီ သတင်းမှာတော့ မြန်မာ အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေရဲ့ သဘောထား အမြင်ကွဲပြားမှုကြောင့် ဖြစ်နေတဲ့ တင်းမာမှုတွေ လျှော့ပါးအောင် ကြိုးစားနေတယ်လို့ ဆိုတဲ့အပြင် ဖွဲ့စည်းပုံသစ်ကို လက်မခံနိုင် ကြသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း လူထု အကျိုး ရှေးရှုပြီး ငြိမ်းချမ်းရေး တံခါး ဖွင့်လှစ်ထားတယ်လို့ ပြောကြောင်း အေပီ သတင်းမှာ ရေးသားထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကြောင်းကို ပြောမသွားခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ကျေနပ် အားရကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။