ကင်တားနား စွမ်းဆောင်ရည် ဒေါ်စု ယုံကြည်

  • 24 ဩဂုတ် 2011

မြန်မာ နိုင်ငံကို ငါးရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ကုလ သမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့ အခွင့် အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနား ဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံပြီး လူ့ အခွင့် အရေး အခြေ အနေကို ဆွေးနွေး ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဆွေးနွေး အပြီး သတင်းထောက် တွေရဲ့ အမေးကို ဖြေခဲ့ကြ

မစ္စတာ ကင်တားနားဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ နာရီဝက် ကြာ သီးသန့် ဆွေးနွေးပြီးတဲ့နောက် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ တွေ့ဆုံခဲ့ ပါတယ်။

အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင်တွေနဲ့ တွေ့ဆုံကြရာမှာ မစ္စတာ ကင်တားနားက မြန်မာ နိုင်ငံ လူ့ အခွင့် အရေး နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေကို သူ အကြံပေး တင်ပြ ခဲ့တဲ့ အချက် တွေနဲ့ သူလေ့လာ သိရှိခဲ့တဲ့ အခြေ အနေ တွေကို ရှင်းလင်း ပြောပြခဲ့ သလို အန်အယ်လ်ဒီ ဘက်ကလည်း မြန်မာ နိုင်ငံ လူ့ အခွင့် အရေး မြှင့်တင် နိုင်ရေး အတွက် သူတို့ လုပ်ဆောင် နေတာ တွေကို ပြန်လည် ပြောပြ လိုက်တယ်လို့ အဲဒီ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ဘီဘီစီကို ပြော ပါတယ်။

မစ္စတာ ကင်တားနား ရဲ့ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ ကြာသပတေး နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး သူ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ကိုယ်တိုင် ရှင်းပြ ပါလိမ့်မယ်လို့ ပြောဆိုပြီး အန်အယ်လ်ဒီနဲ့ မစ္စတာ ကင်တားနားတို့ကြား အပြန်အလှန် ဆွေးနွေးခဲ့မှု အသေးစိတ်ကို ရှင်းပြဖို့ ဦးအုန်းကြိုင်က ငြင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံ အပြီး သတင်းထောက်တွေရဲ့ အမေးကို မစ္စတာ ကင်တားနားနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့က ဖြေဆို ခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံမှုကို အားရ ကျေနပ်မိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြောင်း ဦးအုန်းကြိုင်က ပြန်ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာ နိုင်ငံမှာ လူ့ အခွင့် အရေး အခြေ အနေတွေ တိုးတက် ကောင်းမွန်စေလိုတဲ့ စိတ် စေတနာ နဲ့ ကြိုးပမ်း လုပ်ဆောင်နေပြီး လူ့ အခွင့် အရေး ဆိုင်ရာ ကိစ္စကို ကျွမ်းကျင် သူ ဖြစ်တာကြောင့် မြန်မာ့ လူ့ အခွင့် အရေး အတွက် အောင်မြင်အောင် လုပ်ဆောင် နိုင်မယ့်သူ အဖြစ် ဒေါ်အောင်ဆန်း စုကြည် မြင်တဲ့ အကြောင်း က သတင်းထောက် တွေကို ပြောခဲ့ ပါတယ်။

အင်းစိန်က အကျဉ်းသား တွေနဲ့လည်း တွေ့ဆုံ

အန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ မတွေ့ခင် မစ္စတာ ကင်တားနားက အင်းစိန် အကျဉ်းထောင်တွင်းမှာ ရှိတဲ့ အကျဉ်းသား တချို့ကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

မစ္စတာ ကင်တားနားက တွေ့ချင်တယ် လို့ တောင်းဆိုတဲ့ အတွက် တွေ့ခွင့်ရခဲ့သူ နိုင်ငံရေး အကျဉ်းသား ၇ ယောက် စလုံးကို တစ်ယောက်ချင်း သီးခြားစီ လွတ်လွတ် လပ်လပ် တွေ့ခွင့် ရခဲ့တယ်လို့ ရန်ကုန်က ကုလသမဂ္ဂရုံး တာဝန်ခံ ဦးအေးဝင်းက ဘီဘီစီကို ပြောပါတယ်။

တွေ့ခွင့်ရခဲ့သူ တွေကတော့ ဦးအောင်သိန်း၊ ဒေါက်တာ တင်မင်းထွတ်၊ မခင်ခင်နု၊ ကိုဖြိုးဝေအောင်၊ ကိုဝင်းဇော်နိုင်၊ ကိုစည်သူဇေယျ နဲ့ ကိုညီညီထွန်းတို့ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။