လွတ်ငြိမ်းချမ်းသာခွင့် အဆို ထောက်ခံဆွေးနွေး

  • 26 ဩဂုတ် 2011
သမ္မတ ဦးသိန်းစိန် ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန်

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး သောကြာနေ့ အစီအစဉ်မှာ အရင်နေ့က အမျိုးသားဒီမိုကရေစီ ပါတီသစ်ရဲ့ ခေါင်းဆောင် ဦးသိန်းညွန့်အဆိုပြုတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အဆိုကို ထောက်ခံဆွေးကြပါတယ်။

အစည်းအဝေးမှာ တပ်မတော်ကိုယ်စားလှယ် ၂ဦးအပါအဝင် စုစုပေါင်း ၁၇ယောက်တို့ ထောက်ခံဆွေးနွေးလို့ ဒီအဆိုကို သမ္မတထံ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက တင်ပြဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြောင်း လသာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြီးမြင့်က ဘီဘီစီကို ပြောသွားပါတယ်။

သမ္မတက အကျဉ်းသားတွေ လွှတ်ပေးခဲ့ပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်မရှိလို့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးရေး ဦးသိန်းညွန့်က အဆိုပြုတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချွင်းချက်မရှိပြန်လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေပေမဲ့ အစိုးရကတော့ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုနေပါတယ်။