နိုင်ငံရေး ကြောင့် လိုင်စင် သိမ်းခံ ရသူတွေ အရေး အန်အယ်ဒီ ဆောင်ရွက်မယ်

  • 26 ဩဂုတ် 2011
NLD
Image caption လိုင်စင် သိမ်းတာဟာ နှစ်ထပ် အရေး ယူတာလို့ ဦးတင်ဦး ကဆို

နိုင်ငံရေး ကြောင့် ဖမ်းဆီး ထောင်ချ ခံရတဲ့ ရှေ့နေတွေ၊ ဆရာဝန်တွေနဲ့ ကျောင်းဆရာ တွေကို အစိုးရက သူတို့ရဲ့ အတတ်ပညာနဲ့ အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်စားလို့ မရအောင် လိုင်စင် ပိတ်သိမ်း ထားတာတွေ ဆက်ရှိနေတဲ့ အတွက် ဒါတွေကို ပြန် ရုပ်သိမ်း ပေးဖို့ အတွက် ဆောင်ရွက် သွားမယ် လို့ အန်အယ်ဒီ ဥပဒေ အ ထောက် အကူ ပြု အဖွဲ့က ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့မှာ ဒီအကြောင်း နဲ့ ပတ်သက်တဲ့ အစည်းဝေး တရပ်ကို ရန်ကုန်မြို့ မှာကျင်းပ ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ကြောင်း အန်အယ်ဒီ ရှေ့နေ တွေက ပြောပါတယ်။

အဲဒီလို ပိတ်ပင် တားဆီးခံရတဲ့ သူတချို့ဟာ ဘဝ ရပ်တည်ရေး အတွက် အခက်အခဲ တွေနဲ့ရင်ဆိုင် နေရတာ ရှိနေပြီး သူတို့ ယုံကြည် သက်ဝင်တဲ့ အလုပ်ကို လုပ်ခွင့်မရ တာကို မီးမောင်းထိုး ပြဖို့ ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

အန်အယ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစိုးရဟာ နိုင်ငံရေး လုပ်သူ တွေကို ထောင်ချ အပြစ် ပေးတာအပြင် အခုလို လုပ်ငန်း လိုင်စင် တွေ ပိတ်ပင် တားမြစ်တာဟာ နှစ်ထပ် အပြစ်ပေး တာလို ဖြစ်နေတယ် လို့ ပြောပါတယ်။

မြန်မာ အစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ နိုင်ခဲ့သလို ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာပြည်ကို လာရောက် နိုင်တဲ့ အခြေအနေ မျိုးတွေ ရှိလာပြီမို့ အခုလို ပိတ်ပင်တားဆီး မှုတွေကို ရုပ်သိမ်းဖို့ အတွက်လည်း အဆင်ချောလာ နိုင်လိမ့်မယ်လို့ အန်အယ်ဒီ က မျှော်လင့် နေတာ ဖြစ်ပါတယ်။