လွတ်ငြိမ်းချမ်းသာခွင့် အကောင်အထည် ပေါ်လာနိုင်

  • 27 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် bbc
Image caption အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဆိုပြုချက် ကို ဦးသိန်းညွန့်က တင်သွင်း

သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်ပြထားတဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ပေးရေး အဆိုကို ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပြီး သမ္မတဆီ တင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေ ကို ပြန်လွှတ်ပေးရေး၊ ပြည်ပရောက် မြန်မာတွေ ပြန်လာတဲ့အခါ ဥပဒေ အကာအကွယ် ပေးနိုင် ရေး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အထောက်အကူ ပြုနိုင်ရေး စတဲ့ အချက် ၃ချက်ကို အခြေခံပြီး တင်ပြဆွေးနွေးခဲ့ကြောင်း ဦးသိန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

ဒီလို တင်ပြရာမှာ ၁၉၆၃ ခုနှစ်က တော်လှန်ရေး ကောင်စီ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့် အမိန့်နဲ့ ၁၉၈၀ခုနှစ် ဆိုရှယ်လစ် လမ်းစဉ်ပါတီ နိုင်ငံတော် ကောင်စီက ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကို ဦးသိန်းညွန့်က ကိုးကား တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၅ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂ဦးတို့က ကန့်ကွက်သူမရှိ ထောက်ခံ ခဲ့ကြတာပါ။

နောက်တစ်ဆင့်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အစည်းအဝေးထိုင်ပြီး အဲဒီ ကောင်စီရဲ့ ထောက်ခံချက်နဲ့ သမ္မတက အမိန့်ထုတ်ပြန်ဖို့ သာ လိုတော့တာမို့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် မကြာခင် ပေါ်ပေါက်လာမယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဘီဘီစီကို ပြောသွားပါတယ်။