ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် အဆိုတင်မယ်

  • 28 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် bbc
Image caption အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတာကြောင့် အထူးဇုန် သတ်မှတ်ပေးဖို့ အဆိုတင်မယ်

ချင်းတိုးတက်ရေးပါတီက လွှတ်တော်အမတ် တွေဟာ အခြေအနေပေးရင် ချင်းပြည်နယ် ကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် သတ်မှတ်ပေး ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို အထူးဇုန်သတ်မှတ်ပေးဖို့ အဆိုတင်မယ့် အကြောင်းကတော့ ချင်းပြည်နယ်ဟာ အဆင်းရဲ ဆုံး ပြည်နယ်ဖြစ်နေတာကြောင့် အထူးဇုန် သတ်မှတ်ပေးမှသာ ငွေပိုချပေးနိုင်ပြီး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပိုလုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ချင်းတိုးတက်ရေးပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဒိုင်ထုန်းက ဘီဘီစီကို ပြောပါ တယ်။

ချင်းပြည်နယ်မှာ ရန်ပုံငွေလည်းမရှိ၊ လူတွေကလည်း အလုပ်မယ်မယ်ရရမရှိသလို ကျန်းမာရေး၊ ပညာရေး အကုန်ချွတ်ခြုံကျနေတာကြောင့် ဒီဟာတွေကို တပြိုင်နက်တည်း ကောင်းအောင် လုပ်ဖို့အတွက် အစိုးရက တတ်နိုင်မှာ မဟုတ်ကြောင်း၊ အခု လောလော ဆယ်မှာတော့ အစိုးရအနေနဲ့ နည်းနည်းပါးပါးပဲ အထောက်အကူ ပြုနိုင်သေး တယ်လို့ ဆိုပါတယ်။

ချင်းလူမျိုးတွေကလည်း သူများဒေသတွေကို လိုက်မီချင်တာကြောင့် အထူးဇုန် သတ်မှတ် ပေးမှသာ လမ်းတံတားတွေလည်း တိုးလာပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပိုင်းနဲ့ ကျန်းမာရေးအပါအဝင် ကဏ္ဍစုံဘက်စုံ တိုးတက်အောင်လုပ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွက် တာဝန်ရှိတဲ့ အစိုးရသစ်အနေနဲ့ အရင်းအနှီး စိုက်ထုတ်ပေးမယ်ဆိုရင်တော့ အောင်မြင်အောင်လုပ်ရမှာ ဖြစ်ပြီး၊ ချင်းပြည်သူကိုလည်း စည်းရုံးမှာဖြစ်ကြောင်း ဦးဒိုင်ထုန်းက ပြောကြားပါတယ်။