ဂျပန် ဝန်ကြီးချုပ်သစ် ရွေးလိုက်ပြီ

  • 29 ဩဂုတ် 2011
Japan
Image caption ဝန်ကြီး ချုပ်သစ် ယိုရှီဟီကို နိုဒါ အနေနဲ့ စိန်ခေါ်မှု တွေ အများကြီး နဲ့ရင်ဆိုင် ရဖို့ ရှိ

ဂျပန် နိုင်ငံမှာ ၅နှစ် ကာလ အတွင်း ၆ ယောက်မြောက် ဝန်ကြီးချုပ် အဖြစ် မစ္စတာ ယိုရှီဟီကို နိုဒါ ကို ရွေးချယ် လိုက်ကြပါပြီ။

သူဟာ နိုင်ငံရေး အရရော စီးပွားရေး အရပါ စိန်ခေါ် မှုတွေ အများကြီး နဲ့ ရင်ဆိုင် ရဖို့ ရှိနေ ပါတယ်။

အခု ဝန်ကြီးချုပ် အသစ် အဖြစ် ရွေးချယ် ခံလိုက်ရ တဲ့ ယိုရှီဟီကို နိုဒါ ဟာ လက်ရှိ ဘဏ္ဍာရေး ဝန်ကြီး လည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ အာဏာရ ဒီမိုကရက် ပါတီ DPJ ကို ပြည်သူ လူထု အတွင်း ယုံကြည်မှု ရအောင် ပြန် တည် ဆောက်ဖို့၊ ပါတီ အတွင်း စည်းလုံး ညီညွတ်ရေး ပြန် တည်ဆောက် ဖို့တွေ အပြင် ငလျင်နဲ့ ဆူနာမီ ဒဏ် ခံရ ပြီး ကတည်း က အကြီး အကျယ် ထိခိုက် နေတဲ့ ဂျပန် စီးပွားရေး ကို နလန်ထူ အောင် ထိန်းကျောင်း ရမယ့် အခက်အခဲ တွေကို ရင်ဆိုင်ရမှာ ပါ။

ဝန်ကြီးချုပ် သစ် ရဲ့ မူဝါဒ

၂၀၁၀ မှာ ဘဏ္ဍာရေး ဝန်ကြီး တာဝန် စယူခဲ့တဲ့ မစ္စတာ နိုဒါ ဟာ ဂျပန် စီးပွားရေး နဲ့ ပတ်သက်ပြီး အစိုးရ ရန်ပုံငွေ တက်လာအောင် အခွန်တိုး ကောက်တဲ့ နည်းလမ်း ကို သုံးမယ့် သူ လို အများ က တွက်ဆပါတယ်။

သူကိုယ်တိုင် က လည်း အကြွေး ပမာဏ လျှော့ချ နိုင်အောင် အခွန် တွေ တိုးကောက်ဖို့ ကိစ္စ ပြောဘူး သလို အခု လောလောဆယ် ကုန်ရောင်း တဲ့ အပေါ် ကောက်တဲ့ အခွန် လိုမျိုး ကို လက်ရှိ ရှိနေတဲ့ ၅ ရာခိုင်နှုန်း ကနေ ၂ ဆ တက်ပြီး ကောက်သင့်တယ် ဆိုတဲ့ အမြင် ရှိပါတယ်။

တချိန်ထဲမှာဘဲ ပြည်သူတွေ လူမှုရေး လုံခြုံမှု ရအောင် အဲဒီဘက်မှာ ရန်ပုံငွေ တွေ ကို မြှင့် ထားလို့တဲ့ ဆန္ဒလည်း သူ့မှာ ရှိပါတယ်။

မတ်လ တုန်းက ကြုံခဲ့ ရတဲ့ ငလျင် နဲ့ ဆူနာမီ ဒဏ်တွေ ကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို အကြပ် အတည်း ကိစ္စ အပြီး ဂျပန်မှာ နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်ဖို့ တင်လာကြတဲ့ နိုင်ငံရေး သမား တွေ ရှိလာသလို မကြာသေးခင် က နှုတ်ထွက်ခဲ့တဲ့ ဝန်ကြီးချုပ် နာအိုတို ကန် ကလည်း နျူကလီးယား ဓာတ်ပေါင်းဖို တွေ အပေါ် အားမကိုး ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ ယိုရှီဟီကို နိုဒါ ကတော့ ရပ်ဆိုင်း နေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တွေ ပြန်စတင် လည်ပတ် ဖို့ အားပေး နိုင်ပါတယ်။

သူဘာတွေ စလုပ် မလဲ

ဂျပန် ရဲ့ နိုင်ငံရေး ဝန်းကျင် ဟာ ရင့်ကျက် တည်ငြိမ်တဲ့ ယုံကြည်ကိုးစား လောက်တဲ့ ၀န်းကျင် မျိုး ဖြစ်အောင် ဖန်တီးသွားမယ် လို့ လည်း ဝန်ကြီးချုပ် သစ် ယိုရှီဟီကို နိုဒါ က ပြောခဲ့ပါတယ်။

သူ့ပါတီ ဟာ အရင် နှစ်ပေါင်း ၅၀ လောက် ဂျပန်နိုင်ငံရေး မှာ အောင်ပွဲခံနိုင်ခဲ့ တဲ့ LDP လစ်ဘရယ် ဒီမို ကရက်တစ် ပါတီ ကို အနိုင်ရပြီး ၂၀၀၈ ခုနှစ် တုန်းက အာဏာရ လာတာ ပါ။

ဒါပေမယ့် သူ့အစိုးရ ဟာ ငလျင်နဲ့ ဆူနာမီ ဒဏ်က ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ ဝေဖန် မှု အများအပြား နဲ့ ရင်ဆိုင်ခဲ့ ရပြီး လူထု အကြား ရေပန်းစားမှု က လျော့နေပါတယ်။

ပါတီ တွင်းမှာ လည်း သူ့ ကို ဝန်ကြီးချုပ် အဖြစ် မထောက်ခံ ခဲ့ တဲ့ အင်အားစု တွေကို အလုပ်လုပ် ပြရင်း စည်းရုံး သိမ်းသွင်း ရမှာ တွေ ကလည်း ရှိနေတဲ့ အတွက် စီးပွားရေး နိုင်ငံရေး ဘက်ပေါင်းစုံ က နေ ကြိုးစား လုပ်ပြ ရမယ့် အခြေအနေ ရှိနေ ပါတယ်။